Nokia အမည်ဖြင့် ပထမဦးဆုံး Android စနစ်သုံးစမတ်ဖုန်းသစ်အား HMD Global ကုမ္ပဏီက တရားဝင် ထုတ်ဖေါ်ကြေညာခဲ့ကြောင်း သိရသည်။ Nokia 6 တွင် RAM 4 GB ဖုန်းတွင်းအချက်အလက်သိုလှောင်နိုင်မှု 64 GB နှင့် microSD အထောက်အပံ့ပါဝင်ကာ အဓိကကင်မရာမှာ 16 megapixel ရှိပြီး 3,000 mAh ဘက်ထရီတို့ပါဝင်ကြောင်း သိရသည်။ ဖုန်းဖွဲ့စည်းတည်ဆောက်ပုံမှာ လွန်စွာဆန်းသစ်လှပသောဒီဇိုင်းပုံစံမျိုးတော့မဟုတ်ကြောင်းနှင့် အလူမီနီယံ သတ္ထုဖြင့်ပြုလုပ်ထားသည့် ကိုယ်ထည်ပုံစံဖြစ်ကြောင်း သိရသည်။

သို့သော် စမတ်ဖုန်းတစ်လုံး၏ ထောင့်ဖြတ် အတိုင်းအတာ ၅ ဒသမ ၅ လက်မရှိသော 1920x1080 HD screen ပါဝင်ပြီး ခေတ်ပေါ်ဒီဇိုင်းကျင့်ဝတ် ကို တော့လိုက်နာထားကြောင်း ပေါ်လွင်သည်ဟုဆိုသည်။ မျှော်လင့်ထားသည့်အတိုင်း Nokia 6 တွင် Android စနစ်ဖြင့် မောင်းနှင်ပေးထားမည်ဖြစ်ကာ ၄င်းအား Google ၏ သတ္တမမြောက်မျိုးဆက် လည်ပတ်စနစ်ဖြစ်သည့် Nougat စနစ်ဖြင့် တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း HMD က အတည်ပြုထားသည်။ Windows Phone ဖြင့်မောင်းနှင်ထားသော Nokia Lumia စီးရီးများနှင့်မတူပဲ Android ကိုအသုံးပြုထားသည့်အတွက် Nokia 6 တွင် ဈေးကွက်တွင်ရရှိနိုင်သည့် third-party Android application များစွာကို တပ်ဆင်အသုံးပြုသွားနိုင်မည်ဖြစ်သည်။

ထို့ပြင် အဆိုပါလက်ကိုင်ဖုန်း၌ Google Play Services နှင့် Google Play App Store အထောက်အပံ့ဖြင့် ထုတ်လုပ်ရောင်းချဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ၄င်းအားတရုတ်နိုင်ငံဈေးကွက်သို့ ပထမဦးဆုံးစတင်ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ Nokia 6 ကို အလယ် အလတ်တန်းစားဈေးကွက်အတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားပြီး ဈေးနှုန်းမှာ တရုတ်ယွမ်ငွေ ၁၆၉၉ ယွမ် (အမေရိကန် ဒေါ်လာ ၂၄၅ ဒေါ်လာ) ကျသင့်မည်ဟု ဆိုသည်။ 

 

 

Related News