ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဆန်ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့  အခုနှစ်အတွင်း ပြည်ပကို ဆန်တင်ပို့ နိုင်မယ့်ပမာဏကို တန်ချိန်(၁၀)သန်းကျော်အထိရှိလာစေဖို့ မျှော်မှန်းထားတယ်လို့ ထိုင်းဆန်တင်ပို့လုပ်ငန်းရှင်များအသင်းက ပြောလိုက်ပါတယ်။ ဒါ့ပြင် ကမ္ဘာတစ်ဝှမ်းဆန်ကုန်သွယ်မှုပမာဏဟာ အခုနှစ်အတွင်း ဆန်တန်ချိန်(၄၁.၅)သန်းအထိရှိလာနိုင်ပြီး မနှစ်တုန်းကတော့ တန်ချိန်သန်း(၄၀)အထိပဲရှိခဲ့တယ်လို့ ထိုင်းဆန်လုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချူချိုက် အိုဆာဝမ်က ပြောပါ တယ်။

ဒီအလားအလာကောင်းဟာ ထိုင်းနိုင်ငံရဲ့ဆန်ထုတ်လုပ်မှုတန်ချိန်(၁၈.၅)သန်းအထိမြင့်တက်လာစေမယ်လို့လည်း အိုဆာဝမ်က ပြောပါတယ်။ အခုနှစ်အတွင်း ပြည်ပကို ထိုင်းဆန်တန်ချိန်(၁၀)သန်းကျော်တင်ပို့နိုင်မယ်ဆိုရင် ၀င်ငွေဟာ ထိုင်းဘတ်(၁၆၀)ဘီလျံအထိရှိလာမှာဖြစ်ပါတယ်။ ဒါ့ပြင် ဆန်ကျိုး(၅၀)ရာခိုင်နှုန်းပါဝင်တဲ့ဆန်တစ်တန်ကို အမေရိကန် ဒေါ်လာ (၃၉၀)အထိ မြင့်တက်လာဖို့ မျှော်မှန်းထားတယ်လို့လည်း ထိုင်းဆန်လုပ်ငန်း ရှင်များအသင်းကပြောပါတယ်။  ထိုင်းနိုင်ငံဟာ အခုနှစ်ပထမ(၄)လပတ်တာကာလအတွင်း တရုတ်၊ဖီလစ်ပိုင်နဲ့အာဖရိကနိုင်ငံတွေကို ဆန်တန်ချိန်သုံးသန်းခွဲကျော်တင်ပို့ ထားပြီးဖြစ်ပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့ထားပါတယ်။ 

 

 

Related News