ဥရောပဇုန်ဆိုင်ရာစီးပွားရေးဝန်ကြီးခန့်အပ်ရေးအတွက် ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဂျာမနီအဓိပတိ အန်ခလာ မာကယ်က ပြောလိုက်ပါတယ်။ ပဲရစ်မြို့မှာ ကြာသပတေးနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပြင်သစ်-ဂျာမနီအစိုးရအဖွဲ့ဝင်ကြီးများ ပူးတွဲဆွေးနွေးပွဲ ကျင်းပပြီးတဲ့နောက် ပြင်သစ်သမ္မတ မက်ခရွန်နဲ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီအဓိပတိက အခုလို ပြောလိုက်တာပါ။ ဥရောပဇုန်အသုံးစရိတ်ကို ကန့်ကွက်စရာမရှိသလို ဥရောပဇုန် စီးပွားရေးဝန်ကြီး ခန့်အပ်ရေးကိုလည်းဆွေးနွေးဖို့ အသင့်ရှိတယ် လို့ မာကယ်ကပြောလိုက်တာပါ။

ဥရောပဇုန် အသုံးစရိတ်ကိစ္စနဲ့ စီးပွားရေးဝန်ကြီးတစ်ဦးခန့်အပ်ရေးကိစ္စရပ်ဟာ ဥရောပသမဂ္ဂ ပြုပြင်ပြောင်းလဲရေး အတွက် ပြင်သစ်သမ္မတ မက်ခရွန်ဘက်က အဆိုပြုထားတဲ့အချက်တွေဖြစ်ပြီး ဂျာမနီဘက်က တင်းမာမှုတစ်ချို့ရှိနေတာပါ။ ဥရောပသမဂ္ဂမှာ ဦးဆောင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး ဥရောပ သမဂ္ဂပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လိုတယ်လို့ ဂျာမနီခေါင်းဆောင်က ပြောပါတယ်။ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေဟာ ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းမှာ စတင်ဖို့ရည်ရွယ်တဲ့ ပူးတွဲတိုက်ခိုက်ရေးဂျက်လေယာဉ် တည်ဆောက် ရေးအစီအစဉ် ကိုလည်း ကြေညာခဲ့ပါတယ်။

သမ္မတ မက်ခရွန်ကတော့ ဒီတိုက်လေယာဉ် စီမံကိန်းအတွက် သုတေသနနဲ့ နည်းပညာမြှင့်တင် တာတွေကို  ပထမဆုံးပြုလုပ် သွားမှာဖြစ်ပြီး နှစ်နိုင်ငံစစ်တပ် အသုံးပြုနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါ့ပြင် ကာကွယ်ရေး၊ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေမှာ ပေါင်းစည်း လုပ်ဆောင်ရေးကိုလည်း နှစ်နိုင်ငံခေါင်းဆောင်တွေက သဘောတူထားပါတယ်။ 

 

 

Related News