ယီမင်နိုင်ငံမှာ ၀မ်းရောဂါဖြစ်ပွားမှုဟာလက်ရှိအချိန်အထိဆိုရင် သုံးသိန်းကျော်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ပြောပါတယ်။ ၀မ်းရောဂါဖြစ်ပွားပြီး သေဆုံးသူ အရေအတွက်ဟာ (၁၆၀၀)အထိရှိလာပြီလို့လည်း နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က ပြောပါတယ်။ ယီမင်နိုင်ငံမှာဖြစ်ပွားနေတဲ့ ၀မ်းရောဂါဟာ ကမ္ဘာပေါ်မှာ ၀မ်းရောဂါ ဖြစ်ပွားမှုတွေထဲ အဆိုးရွားဆုံးဖြစ်တယ်လို့ WHO  က ဇွန်လနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ ၀မ်းရောဂါ ကူးစက်ခံရသူတွေထဲက တစ်ဝက်ဟာ ကလေးတွေဖြစ်ပါတယ်။
 
ရေစီးရေလာ မကောင်းမွန်တဲ့ အခြေအနေနဲ့ သန့်ရှင်းမှုနည်းပါးတဲ့အခြေအနေတွေကြောင့် ၀မ်းရောဂါပိုး ဟာ စားစရာနဲ့ ရေထဲကနေတစ်ဆင့် ကူးစက်နေတာဖြစ်တယ်လို့သိရပါတယ်။ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ နေရာတွေဟာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေနဲ့အီရန်ထောက်ပံ့နေတဲ့ ဟူသီသူပုန်တွေကြား တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတဲ့ နိုင်ငံအနောက်ပိုင်းမှာဖြစ်ပါတယ်။ ယီမင်ဟာစီးပွားရေး ပြိုလဲနေတာကြောင့် ကျန်းမာရေးလုပ်သားတွေ လစာမရတာ ၁၀ လကျော် ရှိနေပြီဖြစ်ပြီး ကုလသမဂ္ဂနဲ့WHO တို့ကတော့ ၀မ်းရောဂါဖြစ်ပွားမှုထိန်းချုပ်ရေး အကူအညီတွေပေးနေပါတယ်။
 
ဝမ်းရောဂါ ကြောင့် ဖြစ်ပွားမှုနှုန်းကို (၀.၆)ရာခိုင်နှုန်းအထိကျဆင်းဖို့ နိုင်ငံတကာက အကူအညီပေး အားထုတ်နေပေမဲ့ လက်ရှိမှာယီမင်နိုင်ငံအတွင်းက စစ်ပွဲကို ရပ်တန့်အောင် လုပ်ရမယ့်အစား ကျန်းမာရေးကပ်ဘေးကို အရင်ဆုံးအမြစ်ဖြတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
 
 

Related News