မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်နှစ်ခုမှာ ရေကြီးမှုတွေဖြစ်နေလို့ ဒေသခံ နှစ်သောင်း သုံးထောင်ကျော်ကို ဘေးလွတ် ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမှုဟာ မလေးရှားနိုင်ငံ အရှေဘက် ကမ်းရိုးတန်းမှာ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီး လူအများပြားဘေးလွတ်ရာကို ကယ်ဆယ်တာလုပ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ ကီလန်တန် ပြည်နယ်က တစ်သောင်းကျော်နဲ့ ထရန်ဂါနူး ပြည်နယ်က ဒေသခံတစ်သောင်း သုံးထောင်နီးပါးကို ဘေးလွတ်ရာကို ရွေ့ပြောင်းခဲ့ရတယ်လို့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တုန်းက မိုးသည်း ထန်စွာရွာသွန်းခဲ့လို့ ကျောင်းပေါင်း တစ်ရာကျော်ကို ပိတ်ထားရပါတယ်။ ရေကြီးမှုကြောင့် လမ်းတွေဟာ သွားလာရေး အတွက် ခက်ခဲမှုတွေ ရှိနေပြီး ကီလန်တန် ပြည်နယ်ကို မီးရထားနဲ့သွားလာမှုကို ဆိုင်းငံ့ထား ရပါတယ်။ ရေကြီးမှုတွေကြောင့် ထိခိုက်သေဆုံးသူတော့ မရှိသေးပါဘူး။ ထရန်ဂါနူး ပြည်နယ် ပြည်သူရေးရာဌာန အကြီးအကဲ "အဒူလ် ရာဟန်က"ဘေးလွတ်ရာ ပြောင်းရွှေ့ပေးရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကထက် ပိုမိုမြင့်တက်လာတယ်လို့ ပြောပါတယ်။ ရေကြီးတဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်း တစ်ရာ့ငါးဆယ်နီးပါး ဖွင့်ထားပြီး ရေ၊ အစားစာနဲ့ ဆေးဝါး ထောက်ပံ့ပေးနေတယ်လို့ အဒူလ်ရာဟန်က ပြောပါတယ်။ မိုးတွေဟာ ဆက်လက်ရွာသွန်း နေဆဲဖြစ်ပြီး ရွာပေါင်း ၃၀  ရဲ့ လမ်းတွေဟာ ပိတ်ထားရပြီး  ရွာသားတွေကို ကယ်ထုတ်ဖို့ လှေတွေကို သုံးနေရတယ်လို့ မလေးရှားပြည်သူရေးရာဌာန အကြီးအကဲက ပြောပါတယ်။ 

 

Related News