ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆက်တိုက်ဖြစ်ပွားနေသောမိုးသည်းမှုများကြောင့် ရုတ်တရက်ရေကြီးမှုများဆက်လက်ဖြစ်ပေါ်နေပါတယ်။ ရေကြီးမှုဟာ တောင်ပိုင်းခရိုင်တော်တော်များများမှာ သက်ရောက်မှု ရှိနေလို့ ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်များက ရေကြီးမှုအတွင်း ရထားလမ်းတွေ ရေမြုပ်နေလို့ တောင်ပိုင်းက ရထားပြေးဆွဲမှုများကို  ဗုဒ်္ဓဟူးနေ့တုန်းမှာ ရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။ မိုးရေမြင့်တက်ပြီး ရထားလမ်းတွေရေမြုပ်နေလို့ မြို့တော် ဘန်ကောက်နဲ့ ထရန်မြို့ကို ပြေးဆွဲတဲ့ရထားခရီးစဉ်၊ ဘန်ကောက်နဲ့ နာခွန်စီ သာမရက် ခရိုင်ကို ပြေးဆွဲတဲ့ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့ရ တယ်လို့ မီးရထားလမ်းအင်စပတ်တာမင်းကြီး ချိုင်ယာ ခိုချာရက် ကပြောပါတယ်။

ရထားလမ်းတွေဟာ ရေသုံးပေနီးပါးအောက် နစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရထားအရာရှိတွေဟာ ခရီးသည်တွေကို ဘတ်စ်ကား တွေပေါ် ပြောင်းရွှေ့ပေးပြီး ခရီး ဆက်စေခဲ့တယ်လို့ မစ္စတာ ချိုင်ယာက ပြောပါတယ်။ ယာလာ၊ နရာသီဝက်၊ ဖက်သာလောင်၊ ထရန်နဲ့ နာခွန် စီ သာမရက် ခရိုင်တွေအပါအ၀င် တောင်ပိုင်းခရိုင် ၈ ခုမှာ မိုးသည်းအပြီး ရေကြီးမှုဟာ ပြီးခဲ့တဲ့သီတင်းပတ်က တည်းက ဖြစ်ပွားနေတာပါ။ ရေကြီးမှုကြောင့် အိမ်တွေ၊ လယ်ယာတွေ၊ လမ်းမကြီးတွေနဲ့ ရထားလမ်းတွေ ရေမြုပ်နေတာ လည်းဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် အာဏာ ပိုင်တွေဟာ ဘေးကင်းရာရွှေ့ပြောင်းပေးမယ့် အစီအစဉ်တွေ ချမှတ်နေပြီဖြစ်ပါတယ်။ မိုးဆက်ရွာနေပေမယ့် နိုင်ငံတောင်ပိုင်းက အခြေအနေဟာ စီမံကိုင်တွယ်နိုင်တဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ ရေကြီးမှုတွေမှာ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မရှိထား ပေမယ့် လည်း ဒေသတွင်း အာဏာပိုင်တွေအနေနဲ့ အကူအညီပေးရေး အသင့်ရှိနေဖို့ ညွှန်ကြားထားတယ်လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ 

 

Related News