အီသီယိုးပီးယားနိုင်ငံမြို့တော် အပြင်ဘက်က အမှိုက်ပုံကြီးတစ်ခုပြိုကျမှုဖြစ်ပွားလို့ အမှိုက်ပုံနားမှာ တဲထိုးနေထိုင်သူအချို့ သေဆုံးသွားခဲ့ရပါတယ်။ သေဆုံးသူအရေ အတွက်ဟာ ၅၀ နီးပါးအထိရှိတယ်လို့ အီသီယိုးပီးယား အာဏာပိုင်တွေက ပြောပါတယ်။ အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ် အဘာဘာ အပြင်ဘက်က အမှိုက်ပုံကြီးတစ်ခုမှာ အမှိုက်တွေပြိုကျလို့ လူပေါင်း ၄၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဒါဇင်ချီ ဒဏ်ရာရရှိခဲ့တယ်လို့ အီသီယိုးပီးယား အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့တုန်းက ဖြစ်သွားတဲ့ ဒီအမှိုက်ပုံပြိုကျမှုကြောင့် အမှိုက်ပုံနားမှာနေထိုင်သူတွေရဲ့အိမ်တွေ ပိခဲ့ပြီး သေဆုံးသူတွေဟာ ဟတ်တာ ၃၀ နီးပါး ကျယ်တဲ့ဒီအမှိုက်ပုံကို မှီခိုပြီး အသက်မွေးနေကြတဲ့သူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အမှိုက်ပုံပြိုကျ မှုဖြစ်ချိန် အနီးနားမှာရှိနေခဲ့သူတွေကတော့ အမှိုက်တွေအောက်မှာ ပိနေသူတွေရှိနေတယ်လို့ ပြောထားပေမဲ့ ရဲတပ်ဖွဲ့ကတော့ အမှိုက်ပြိုကျတဲ့နေရာကို ဒေသခံတွေ ၀င်ရောက်တာကို တားဆီးထား ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အသက်ရှင်ကျန်ရစ်သူတွေ နဲ့ လောင်းတွေကို ရှာဖွေဖို့ လူခြောက်လောက်ပဲ အမှိုက်ပုံကို တူးဆွနေတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။

ခိုရှဲလို့ ခေါ်တဲ့ အဲ့ဒီ့အမှိုက်ပုံဟာ သက်တမ်း ၄၀ ကျော်ရှိနေပြီး အဒစ် အဘာဘာမြို့ကနေထွက်တဲ့ အမှိုက်တွေကို အဓိက စွန့်ပစ်တဲ့နေရာဖြစ်ပါ တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ မိသားစု ၇ ဦးနီးပါးစီရှိတဲ့ အိမ်အလုံးရေ ၅၀ ခန့်ဟာ အမှိုက်ပေါ်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေကတော့ အမှိုက်ပုံအနီးနားမှာရှိတဲ့ ဇီဝဓာတ်ငွေ့ထုတ် စက်ရုံဆောက်လုပ်ရေး လုပ်ငန်းခွင်က အမှိုက်တွေကို ဖိချရာကနေ အမှိုက်ပြိုကျတာလို့ပြောဆိုနေကြ ပါတယ်။

 

Related News