အမေရိကန်နိုင်ငံနဲ့ ကာတာနိုင်ငံတို့ဟာ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် ဒိုဟာမြို့ကို ရောက်ရှိနေချိန်မှာ အခုသဘောတူညီချက် ထွက်ပေါ်လာတာပါ။ ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ အာရပ်စော်ဘွားများ နိုင်ငံ(UAE)နဲ့ အီဂျစ်နိုင်ငံတို့ဟာ ကာတာနိုင်ငံကို အစွန်းရောက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့ နေတယ်လို့ စွပ်စွဲထားပြီး ကာတာနိုင်ငံနဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားတာ ပြီးခဲ့တဲ့လကတည်းက ဖြစ်ပါတယ်။ ကာတာနိုင်ငံကတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ကတော့ ကာတာနိုင်ငံခြားရေးဝန်ကြီး “ရှိတ်မိုဟာမက်ဘင် အက်ဘ်ဒူလာမန်”နဲ့ ပြုလုပ်ခဲ့တဲ့ အခုသဘောတူညီချက် ရရှိဖို့ သီတင်းပတ်ချီဆွေးနွေးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
 
အခုရရှိ ထားတဲ့သဘောတူညီချက်ဟာ ကမ္ဘာတစ်ဝှမ်းအကြမ်းဖက်မှု နှိမ်နင်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်မှာဖြစ်သလို အကြမ်းဖက်မှုကို ငွေကြေးစီးဆင်းနေတာတွေကို လပိုင်း၊ နှစ်ပိုင်းအတွင်း ဟန့်တားပိတ်ပင်နိုင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာရပ်(၄)နိုင်ငံကတော့ ကာတာနိုင်ငံအနေနဲ့ သူတို့တောင်းဆိုထားချက်တွေကို မလိုက်နာမချင်း ကာတာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမှာဖြစ်သလို ကာတာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုနယ်ပယ်ကို ငွေကြေးစီးဆင်းနေမှုကို တိုက်ဖျက်သွားဖို့ ဘယ်လိုအားထုတ် သွားမလဲ ဆိုတာကို စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။ အီဂျစ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ကတော့ အမေရိကန်ရဲ့အားထုတ်မှုကို အလေးထားပေမယ့် ကာတာနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့ပါတယ်။  
 
 

Related News