လန်ဒန်မြို့က ဂရင်းဖဲအဆောက်အအုံမီးလောင်မှုမှာ သေဆုံးခဲ့သူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့နဲ့ အကြွင်းအကျန်တွေကို ပြန်လည်သိမ်းယူနိုင်ဖို့ နောက်ထပ် ၄ လကြာမြင့်နိုင်တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့ကပြောလိုက်ပါတယ်။ ဂရင်းဖဲအဆောက်အအုံမီးလောင်မှုမှာ သေဆုံး၊ ပျောက်ဆုံးသူ အနည်းဆုံး (၈၀)နီးပါးရှိပြီး (၃၂)ဦးကိုပဲ သေဆုံးသူဘယ်သူဖြစ် တယ်ဆိုတာအတည်ပြုနိုင်သေးတာဖြစ်ပါတယ်။ လန်ဒန်ရဲတပ်ဖွဲ့က “အလီ(စ)တယ် ဟတ်ချင်”ကတော့ ဖြစ်ရပ်ဆိုးမှာ သေဆုံးသူတွေကို အတည်ပြုဖော်ထုတ်တဲ့အလုပ်ကို ၁၈ နှစ်ကြာလုပ်ခဲ့ပြီး ဖြစ်ပေမဲ့ ဂရင်းဖဲလ် အဆောက်အအုံမီးလောင်မှုမှာ သေဆုံးခဲ့သူတွေကို ဖော်ထုတ်ရတာက အခက်ခဲဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။
 
ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်တဲ့ဗီဒီယို တစ်ခုမှာတော့ မီးလောင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့အပျက်အစီးအခြေအနေကို ပြသနေပြီး သေဆုံးသူအကြွင်းအကျန်တွေကို စုံစမ်း စစ်ဆေးသူတွေက ရှာဖွေဖို့ ခက်ခဲနိုင်ချေကို ပြသနေပါတယ်။ လက်ရှိမှာ အဆောက်အအုံရဲ့အထပ်တိုင်း အခန်းတိုင်းမှာ သေဆုံးသူတွေရဲ့အကြွင်းအကျန်တွေကို ရှာဖွေနေတုန်းဖြစ်ပြီး အရိုးအစိတ် အပိုင်းအသေးတွေ၊ သွားတွေနဲ့ လူ့ခန္ဓာကိုယ်အဖြစ် အတည်ပြုနိုင်မယ့် ပစ္စည်းတွေကို ရှာတွေ့နိုင်ဖို့ စကာတွေကို အသုံးပြုနေတယ်လို့လည်း ဟတ်ချင်က ပြောပါတယ်။
 
လက်ရှိမှာ သေဆုံးသူအတည်ပြုတဲ့ လုပ်ငန်းစဉ် ကြန့်ကြာနေတာကို ဒေါသထွက်နေတဲ့ သက်ဆိုင်ရာမိသားစုဝင်တွေရဲ့ခံစားချက်ကို နားလည်ပေမဲ့ အတတ်နိုင်ဆုံးကြိုးစားနေလို့ နားလည်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဟတ်ချင်က ပြောထားပါတယ်။ မီးကြောင့် ပျက်စီးသွားတဲ့အခြေအနေကို ကြည့်မယ်ဆိုရင် သေဆုံးသူတစ်ချို့ကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
 
 
 

Related News