အီရတ်အစိုးရတပ်ဖွဲ့တွေဟာ မိုဆူးမြို့ဟောင်းအတွင်းမှာ ပုန်းအောင်နေသေးတဲ့ အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမားတွေကို နောက်ထပ်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။ ဘဂ္ဂဒက်အစိုးရက အိုင်အက်စ်အဖွဲ့ကို အောင်နိုင်တဲ့ အောင်ပွဲခံတာတွေပြုလုပ်နေချိန်မှာပဲ အခုလိုတိုက်ပွဲတွေ ပြန်လည်ထွက်ပေါ်လာတာပါ။ စစ်သွေးကြွတွေလက်နက်ချတဲ့ဗီဒီယိုကို အီရတ် တပ်ဖွဲ့တွေက ထုတ်ပြန်ထားပြီး အခုပြုလုပ်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေတာဖြစ်တယ်လို့ အီရတ်အရာရှိတွေကပြောပါတယ်။ အိုင်အက်စ်အဖွဲ့ဝင်တွေဟာ နေရာမျိုးစုံက ထွက်ပေါ်လာတတ်လို့ ပစ်မှတ်ထား ရှင်းလင်းနေရတယ်လို့ အဲဒီအရာရှိကပြောပါတယ်။ မြို့တော်ဘဂ္ဂဒတ်မှာတော့ အီရတ်အစိုးရအဖွဲ့ဟာ မိုဆူးမြို့ပြန်သိမ်းနိုင်ပြီး တဲ့နောက် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
 
နေရပ်ပြန်သူများအတွက် အစီအစဉ် ပြုလုပ်ပေးရေး လုပ်ငန်းစဉ်ကို အစိုးရအဖွဲ့က စလုပ်နေပြီဖြစ်ပြီး အိုင်အက်စ်အဖွဲ့ ပြန်မရောက် လာအောင် လုံခြုံရေးအာမခံချက်ရှိဖို့ လိုတယ်လို့လည်း ၀န်ကြီးချုပ် "ဟိုက်ဒါ အယ်လ် အဘာဒီ" က ပြောပါတယ်။ မိုဆူးမြို့တိုက်ပွဲတွေကြောင့် လူပေါင်း (၉)သိန်းနီးပါး နေရပ်စွန့်ခွါခဲ့ရပြီး အများစုဟာ မြို့ပြင်က စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတုန်းဖြစ်ပါတယ်။ အဲဒီစခန်းတွေ ထဲက ဟတ်ဆန်ရှမ် ဆိုတဲ့ စခန်းဟာ မြို့မြောက်ပိုင်းမှာရှိပြီး အဲဒီစခန်းကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာအပါအ၀င် လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူတွေလည်း လာရောက်ထားပါတယ်။ ကုလသမဂ္ဂရဲ့သတင်းအချက်အလက်တွေအရ မိုဆူးမြို့ကနေ နေရပ်စွန့်ခွါခဲ့ရသူ ရှစ်သိန်းကိုးသောင်း ကျော်ရှိနေပါတယ်။
 
 

Related News