ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပျံသန်းနေတုန်း လက်နက်နဲ့ပစ်ချခံခဲ့ရတဲ့ MH17 လေယာဉ် ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေအတွက် (၃)နှစ်ပြည် အောက်မေ့ဖွယ်အခမ်းအနားကို မလေးရှားနိုင်ငံမှာ ကျင်းပသွားပါတယ်။MH17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာမှာ ရုရှားလုပ် ဘတ်(Bulk)ဒုံးကျည်နဲ့ပစ်ချခံရတာကြောင့် ပျက်ကျခဲ့တာလို့ ကနဦးစုံစမ်း စစ်ဆေးမှုတွေမှာဖော်ပြနေပေမဲ့ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ လေယာဉ်ပျက်ကျမှုမှာသေဆုံးခဲ့သူတွေရဲ့ သားချင်းတွေဟာ မနေ့တုန်းကပြုလုပ်ခဲ့တဲ့နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
 
ဒီအခမ်းအနားကို မလေးရှားပို့ဆောင်ရေးဝန်ကြီး လူတောင်လိုင်နဲ့ မလေးရှားလေကြောင်းလိုင်းအမှုဆောင်ချုပ်တို့လည်း တက်ရောက်ခဲ့ပါတယ်။ မလေးရှားပို့ဆောင်ရေးဝန်ကြီးကတော့ လေယာဉ်ကို ဘတ်(Bulk) ဒုံးကျည်စနစ်နဲ့ပစ်ချခဲ့တာဖြစ်ပြီး လက်သည်ဘယ်သူဖြစ်တယ်ဆိုတာကို သိလိုတာကြောင့် စုံစမ်းမှုတွေ ဆက်လုပ်နေတယ်လို့ပြောပြောပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ လေယာဉ်ကို ပစ်ချခဲ့တာဟာ ထင်ရှားတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ ဘိုရင်း B777 အမျိုးအစားMH17 လေယာဉ်ဟာ ခရီးသည် ၂၉၈ ဦးကို တင်ဆောင်ပြီး အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းနေချိန် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတုန်းက ပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ယူကရိန်းနဲ့သြစတေးလျ နိုင်ငံတို့ပါဝင်တဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး လေယာဉ်ပစ်ချခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေကို နယ်သာလန်နိုင်ငံမှာ ပြုလုပ်ဖို့သဘောတူထားပါတယ်။
 
 
 
 

Related News