ဆီနီဂေါနိုင်ငံက ဘောလုံးကွင်းတစ်ကွင်းမှာ ဘောလုံးကွင်နံရံပြိုကျမှုတစ်ခုဖြစ်ပွားခဲ့လို့ လူ(၈)ဦး သေဆုံးပြီးနောက်ထပ် (၄၉)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဘောလုံးကွင်းနံရံပြိုကျမှုဟာ ဒါခါမြို့တော်မှာရှိတဲ့ ဒမ်ဘာ ဒီပို အားကစားကွင်းမှာဖြစ်ပွားခဲ့တာပါ။ ဘောလုံးကွင်းနံရံပြိုကျချိန်ဟာ စတိတ် ဒီ မန်ဘော အသင်းနဲ့ ယူနီယံ စပေါ့တစ် အသင်းတို့ League Cup  ဗိုလ်လုပွဲ ကန်ပြီးချိန်မှာ ဖြစ်ပွားခဲ့တာပါ။ 

အသင်းနှစ်သင်းရဲ့ပရိသတ်တွေကြား ရန်ဖြစ်ခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲချိန်မှာ ပရိသတ်တွေကြားထဲ ထိတ်လန့်မှုဖြစ်ပြီး လူအုပ်ပြိုရာ ကနေ အခုလိုဘောလုံးကွင်း နံရံပြိုကျခဲ့တာပါ။ ဘောလုံးပွဲပရိသတ်တစ်ချို့ဟာ တစ်ဖက်နဲ့ တစ်ဖက်  ကျောက်တုံးတွေ၊ ဗျောက်အိုးတွေနဲ့ ပစ်ခဲ့ကြတာဖြစ်ပါတယ်။ အင်တာနက်လူမှု ကွန်ယက်မှာ ပြန့်နေတဲ့ဓာတ်ပုံတွေမှာတော့ ပရိတ်သတ်တစ်ချို့ဟာ ဓာတ်ငွေ့တွေ ထူနေတာကြောင့် နံရံနိမ့်နိမ့်ကို ကျော်တက်နေတာတွေကို ပြသနေပါတယ်။

မိနစ်ကိုးဆယ်မှာ တစ်ဂိုးသရေကျနေခဲ့ပေမယ့် အချိန်ပိုပထမပိုင်းမှာ မန်ဘောအသင်းက နှစ်ဂိုး၊ တစ်ဂိုးနဲ့အနိုင်ရရှိခဲ့တာဟာ ဘောလုံးပရိသတ် တွေကြား ခိုက်ရန်ဖြစ်မှုကို ဦးတည်ခဲ့တာလို့ ပွဲအတွင်းရှိနေတဲ့မျက်မြင်သက်သေ ပရိသတ်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဆီနီဂေါသမ္မတ““မာကီ စပဲ””ရဲ့ပြောခွင့်ရသူကတော့ ဒီဖြစ်ရပ်မှာ ထိခိုက်သေဆုံးခဲ့သူတွေကို လေးစားတဲ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲတွေအတွက် မဲဆွယ်နေတာတွေကို ဆိုင်းငံ့ထားမယ်လို့ပြောကြားထားသလို အခုလိုဖြစ်ရပ်အထိ ဦးတည်စေခဲ့ သူတွေကိုလည်း ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။ 

 

 

Related News