ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့ရေကြီးမှုတွေကြောင့် လူပေါင်း(၂၆)ဦးသေဆုံးခဲ့ပြီး အိမ်ခြေရာချီလည်း ပျက်စီးခဲ့တယ်လို့ ဗီယက်နမ်အာဏာပိုင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်ကျော်ကတည်းကဖြစ်ပွားခဲ့တဲ့ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၄၁)သန်းနီးပါးအထိရှိတယ်လို့ ဗီယက်နမ်အစိုးရရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ် ရေးအဖွဲ့က သြဂုတ်လ(၇)ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါ့ပြင် နောက်ထပ်လူပေါင်း(၁၅)ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လမ်းတွေပျက်စီးနေတာက ရှာဖွေ ကယ်ဆယ်ရေးမှာ အခက်အခဲအကြီးအကျယ်ဖြစ်ပွားနေစေတယ်လို့ သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ရေကြီးမှုဟာ ခရိုင်(၄)ခုမှာဖြစ်ပွား ခဲ့တာဖြစ်ပြီး ရေစီးဆင်းမှုစနစ်တွေ၊ ဆန်နဲ့သစ်သီးခင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
အိမ်အလုံးရေ ၂၀၀ နီးပါးပျက်စီးခဲ့ပြီး နောက်ထပ် အိမ်အလုံးရေ ၄၀၀ လည်း ရေကြီးမှုဒဏ် ခံခဲ့ရပါတယ်။ လက်ရှိမှာ ရေဘေးဒဏ်ခံပြည်သူတွေပြန်လည်အခြေချနေ ထိုင်နိုင်ဖို့ ရေစီးဆင်းမှု စနစ်တွေနဲ့ လမ်းတွေကို ပြန်ပြင်တာ၊ အခြားအခြေခံအဆောက်အအုံတွေကို ပြုပြင်တာတွေ ပြုလုပ်ပေးနေတယ်လို့ ဗီယက်နမ်အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဗဟိုဦးဆောင်ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
 
 
 

Related News