ပစိဖိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ အမေရိကန်ရဲ့နယ်မြေဖြစ်တဲ့ ဂူအမ်ကျွန်းကို ထိခိုက် အောင် မြောက်ကိုရီးယားဘက်က လုပ်လာမယ်ဆိုရင်  မြောက်ကိုရီးယားအနေနဲ့ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ရနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြား လိုက်ပါတယ်။လက်ရှိမှာ မြောက်ကိုရီးယားက တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ခံထားရတဲ့ ဂူအမ်ကျွန်းဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေ မှာ ရှိနေတယ်လို့ နယူးဂျာစီပြည်နယ် ဘက်ဒ်မင်စတာမှာရှိတဲ့ သူပိုင်ဆိုင်တဲ့ဂေါ့ဖ်အပန်းဖြေစခန်းကိုရောက်နေချိန်မှာ ထရမ့်က အတည်ပြုပြောပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုတွေထပ်လုပ်သွားနိုင်တဲ့အခြေအနေ ရှိတယ်လို့လည်း သမ္မတ ထရမ့်ကပြောပါတယ်။
 
တင်းမာနေတဲ့အခြေအနေဟာ အန္တရာယ် များလွန်းတယ်ဆိုတာကို တရုတ်သမ္မတရှီကျင့်ပင်ကို ပြောဖို့ရှိနေတယ်လို့လည်း သမ္မတထရမ့်က ဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ခေါင်းဆောင်တို့ တစ်ဖက်နဲ့တစ်ဖက် အခြေအတင်ပြောဆိုမှုတွေအပြီးနောက် တစ်နေ့မှာပဲ ဂူအမ်ကျွန်းနဲ့ပတ်သတ်တဲ့ကိစ္စတိုင်းကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့  သမ္မတထရမ့်က ပြောထားပါတယ်။ သမ္မတထရမ့်ကတော့ သူ့လောက် ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတာကို နှစ်သက်တဲ့သူမရှိဘူးလို့လည်းဆိုပါတယ်။ မြောက်ကိုရီးယားဘက်က တုံ့ပြန်မှုမှာ အမှားအယွင်းတွေရှိလာမယ်ဆိုရင်တော့ စစ်ရေးအရဖြေရှင်းဖို့ အတွက် အမေရိကန်စစ်တပ်က လက်နက်အပြည့်အစုံတပ်ဆင်ပြီး ပစ်ဖို့အသင့်ရှိတယ်လို့လည်း ထရမ့်က  သူ့ရဲ့တွစ်တာစာမျက်နှာကနေပြောကြားခဲ့ပါတယ်။
 
ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားစစ်ပွဲအတွင်းကို ထရမ့်က ဆွဲခေါ်နေတယ်လို့ မြောက်ကိုရီးယားဘက်က စွပ်စွဲထားပါတယ်။ ဒါ့အပြင် အမေရိကန်ပိုင်နက်ဂူအန်ကျွန်းနားကို ဒုံးကျည်တွေ ပစ်လွှတ်ဖို့အစီအစဉ် တွေကိုလည်း မြောက်ကိုရီးယားဘက်က အခုတစ်ပတ်အစောပိုင်းမှာ ပြောထားပါတယ်။ 
 
 
 

Related News