တရုတ်နိုင်ငံဟာ ဖီလစ်ပိုင်နိုင်ငံမှာရှိတဲ့တရုတ်သံရုံးကနေ တစ်ဆင့် ဖီလစ်ပိုင်နိုင်ငံကို ရိုင်ဖယ် သေနတ်အလက်(၃၀၀၀) ပေးအပ် လိုက်ပါတယ်။ အခုလိုပေးအပ်တာဟာ အခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဖီလစ်ပိုင်သမ္မတ ဒူတာတေးကလည်း တရုတ်နိုင်ငံနဲ့ဆက်ဆံရေး တိုးမြှင့်သွားမယ်လို့ပြောဆိုထားပါတယ်။

သမ္မတ ဒူတာတေးရဲ့အမိန့်အရ အခုသေနတ်တွေကို ဖီလစ်ပိုင် စစ်တပ်မှာအသုံးပြုမှာမဟုတ်ဘဲ ရဲတပ်ဖွဲ့ထံပေးအပ်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေး ၀န်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာ က ပြောပါတယ်။ အမေရိကန်ဒေါ်လာ(၃)သန်းခွဲနီးပါးတန်ဖိုးရှိတဲ့ ဒီရိုင်ဖယ်တွေဟာ အမေရိကန်လွှတ်တော်အမတ်တွေက M4 ရိုင်ဖယ်(၂၆၀၀၀)နီးပါးကို ဖီလစ်ပိုင်နိုင်ငံကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ်မှာ ပိတ်ပင်ခဲ့လို့သေနတ်လိုအပ်နေတဲ့ဖီလစ်ပိုင်အမျိုးသားရဲ တပ်ဖွဲ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရိုင်ဖယ်သေနတ်အလက် (၃၀၀၀)နဲ့ စနိုက်ပါရိုင်ဖယ်သေနတ်အလက်(၁၀၀)ကို ဖီလစ်ပိုင်နိုင်ငံကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဖီလစ်ပိုင် စစ်တပ်ဟာ ရိုင်ဖယ်သေနတ်တွေကို ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး စနိုက်ပါရိုင်ဖယ်တွေကိုပဲ ရယူခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အခုလိုလှူဒါန်းမှုဟာ ဖီလစ်ပိုင်နိုင်ငံနဲ့ ၁၉၅၀ ပြည့်နှစ်တွေကတည်းက ကာကွယ်ရေးဆိုင်ရာ မဟာမိတ်ဖြစ်နေခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့လက်နက်လွှဲပြောင်းမှုတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တော့ မပြောပလောက်တဲ့ပမာဏမှာရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့(၁၇)နှစ်အတွင်း ဖီလစ်ပိုင်နိုင်ငံကို ဒရုန်းတွေ၊ သင်္ဘောတွေ၊ ထောက်လှမ်းရေးလေယာဉ်တွေနဲ့ရိုင်ဖယ်သေနတ်တွေ ပါဝင် တဲ့ ဒေါ်လာသန်းရာချီတန် စစ်ဘက်အကူအညီတွေ ပေးထားပါတယ်။

 

 

Related News