နိုင်ငံတကာမှုခင်းတိုက်ဖျက်ရေးအေဂျင်စီတွေပူးပေါင်းပြီး အတ္တလန္တိတ် သမုဒ္ဒရာအတွင်း သွားနေတဲ့ ဆွဲသင်္ဘောတစ်စီးပေါ်မှာ တင်လာတဲ့ ကိုကင်း(၄)တန်နီးပါးကို သိမ်းဆည်းရမိခဲ့ပါတယ်။ကိုလံဘီယာနိုင်ငံကနေ ထွက်ခွာလာပြီး အာဖရိကတိုက် အနောက်မြောက်ပိုင်းက စပိန်နိုင်ငံပိုင် ကနေရီကျွန်းစုကို ဦးတည်မောင်းနှင်လာတဲ့ သိုရန် အမည်ရှိတဲ့ ဆွဲသင်္ဘောပေါ်မှာ ကိုကင်းတွေကို ဖမ်းမိခဲ့တာပါ။

ကိုကင်းအလေးချိန်(၃၈၀၀)ကီလိုဂရမ်ကို အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး (၂၀၁၇)ခုနှစ်အတွင်း ကိုကင်းဖမ်းဆီးရရှိမှုတွေထဲမှာ ပမာဏအများဆုံး ဖြစ်တယ်လို့ မှုခင်းတိုက်ဖျက်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖမ်းမိတဲ့ကိုကင်းတွေတန်ဖိုးဟာ ယူရိုငွေသန်း(၂၀၀)ကျော်လောက်ရှိပါတယ်။ ကိုကင်းတွေတင်လာတဲ့ သင်္ဘော ပေါ်မှာပါလာတဲ့ တူရကီလူမျိုး(၆)ဦးနဲ့ အဇာဘိုင်ဂျန်နိုင်ငံသား(၁)ဦးတို့ကိုပါ ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ စပိန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ရီကာဒို တိုရိုက ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ ကိုကင်းတွေကို ဘယ်နေရာကိုဦးတည် သယ်ဆောင်နေသလဲ ဆိုတာကို စပိန်ရဲတွေက စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေထဲမှာ အတ္တလန္တိတ် သမုဒ္ဒရာအတွင်း မူးယစ်ဆေးပမာဏ အမြောက်အမြား ဖမ်းဆီးရရှိမှု(၂)ကြိမ်ရှိခဲ့ပါတယ်။

 


 

Related News