အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ထဲက ၀ိုင်ထွက်ရာဒေသမှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညပိုင်းမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတောမီးလောင်မှုတွေအတွင်း ပျောက်ဆုံးနေသူ ၁၅၀ ကျော်ရှိတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ကပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ၀ိုင်ထွက်ရာဒေသမှာဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေအတွင်း လူပေါင်း(၁၅၀)ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ မီးလောင်မှုတွေအတွင်း လူ(၁၅)ဦးထက်မနည်းသေဆုံးထားတယ်လို့ အတည်ပြု ထားနိုင်ပြီး ဒေသစံတော်ချိန် တနင်္ဂနွေနေ့ကတည်းက စတင်ခဲ့တဲ့တောမီးတွေကြောင့် အိမ်အလုံးပေါင်း(၁၅၀၀)ကျော်လည်း ပျက်စီးခဲ့ပါတယ်။

သေဆုံးသူတွေထဲက(၉)ဦးဟာ ဆိုနိုမာ ကောင်တီက ဖြစ်ပါတယ်။ မီးသင့်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့မြို့တွေထဲက တစ်မြို့ကတော့ ဆန်ဖရန် ဆစ္စကိုမြို့မြောက်ပိုင်းက ဆန်တာ ရိုဆာမြို့ငယ်လေးဖြစ်ပြီး အဲဒီမှာရှိတဲ့အရာအားလုံးပြာကျခဲ့ ပါတယ်။ ဆိုနိုမာ ကောင်တီ ရဲတပ်ဖွဲ့ရုံးရဲ့ပြောကြားချက်အရ လူပေါင်း ၁၅၅ ဦးဟာ ပျောက်ဆုံးလား၊ သေဆုံးပြီလားဆိုတာ မသိ နိုင်သေးတဲ့အခြေမှာရှိနေပေမဲ့ ဘေးလွတ်ရာပြောင်းရွှေ့ရချိန်ရုတ်ရုတ်သဲသဲအခြေအနေဖြစ်ခဲ့တာကြောင့်လည်း စာရင်းပျောက် တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကပ်လျက်ရှိတဲ့ နာပါ ကောင်တီ မှာတော့ မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၁၀၀ အရွယ် ချားစ် ရစ်ပီ နဲ့ အသက် ၉၈ နှစ်အရွယ် သူ့ဇနီး ဆာရာတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အခုတောမီး လောင်မှုတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာအဆိုးရွားဆုံးဖြစ်ပြီး မီးခိုးတွေဟာမိုင်(၆၀)အကွာမှာရှိတဲ့ ဆန်ဖရန်ဆစ်္စကို မြို့အထိ ရောက်ရှိခဲ့ပါတယ်။ ပြည်နယ်မီးသတ်အကြီးအကဲ ခန် ပင်လော့ ကတော့ မီးလောင်တဲ့နေရာ ၁၇ ခုကျော်အထိရှိနေပြီး ဧကပေါင်း(၁၁၅၀၀၀)ကျော်မီးလောင်နေခဲ့တယ်လို့ပြောပါတယ်။ ပျောက်ဆုံးနေသူတွေရှိ၊မရှိကို အာဏာပိုင်တွေဘက်က ရှာဖွေတာတွေလုပ်နေပေမဲ့ သေဆုံးသူဦးရေဟာ မြင့်တက်လာနိုင်တယ်လို့ သူကပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ဆိုနိုမာ၊ နာပါနဲ့အခြားကောင်တီ(၅)ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ 

 

 

Related News