မုတ်သုန်မိုးသည်းခဲ့တာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။ ချင်းမိုင်မှာတော့ ဟန်ဒေါင်မြို့နယ်ထဲမှာ ရေကြီးတာတွေဖြစ်ပွားနေလို့ တရုတ်ခရီးသွားအယောက်(၄၀)ကို ရေ၀ိုင်းနေတဲ့အပန်းဖြေစခန်း တစ်ခုကနေကယ်ခဲ့ရပါတယ်။ မဲ့တာချန်မြစ်ရေလျှံနေလို့  အဲဒီတရုတ်ခရီးသွားတွေ ခရီးမဆက်နိုင်ဖြစ်ခဲ့ကြတာပါ။

ဒါ့ပြင် ချင်းမိုင်က အဝေးပြေးလမ်းမကြီးတော်တော်များများမှာလည်း ရေလျှံမှုတွေဖြစ်ပွားနေပါတယ်။ ဖျာယိုခရိုင်မှာတော့ ရုတ်တရက်ရေကြီးမှုတွေကြောင့် မူအန်မြို့နယ်ထဲက အိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ မြို့နယ်ထဲက နေရာတစ်ချို့မှာ ရေ(၁)မီတာ လောက်တက်နေလို့ လျှပ်စစ်မီးပြတ်တောက်တာတွေလည်းဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်းမှာတော့ ဆည်မြောင်းအာဏာပိုင်တွေဟာ မြောက်ပိုင်းမှာ ရေမြန်မြန်မြင့်တက်လာတာကို ကာကွယ်ဖို့ ဆည်တွေထဲက ရေကို ချက်ချင်းလွှတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ အခု သီတင်းပတ်အတွင်း မုတ်သုန်မိုးဆက်ရွာနိုင်တယ်ဆိုတဲ့မိုးလေ၀သခန့်မှန်းချက်တွေကြောင့် အာဏာပိုင်တွေဟာ ကျောက်ဖရား မြစ်ရေတွေကို ဆည်မြောင်းတွေနဲ့ မြေနိမ့်ပိုင်းကို ရေလွှဲနေပါတယ်။ ကျောက်ဖရား မြစ်ဝှမ်းတစ်လျှောက်က ဆည်ကြီးတွေရဲ့ဆည်ရေတွေဟာ သတ်မှတ်ရေသိုလှောင်ပမာဏကို ရောက်လုနီးပါးအထိဖြစ်နေပါတယ်။

ဆည်အောက်မှာ နေထိုင်သူတွေဟာ လက်ရှိမှာ ရုတ်တရက်ရေကြီးတဲ့ဒဏ်ခံနေရပြီးဖြစ်ပါတယ်။ ကျောက်ဖရားမြစ်ကမ်းပေါ်က အယုဒ်္ဒယမှာရှိတဲ့ ဘုရားတစ်ချို့ဟာ မြစ်ရေလျှံမှုကြောင့် ရေလွှမ်းတဲ့ဒဏ်ခံနေရပါတယ်။ မြို့တော်ဘန်ကောက် တောင်ဘက်ပိုင်းမှာတော့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ဟာ ရေကြီးတဲ့အခြေအနေကို ကိုင်တွယ်နေရပါတယ်။ မြစ်ကမ်းတွေနဲ့ ရေလွှဲပေါက်တွေကို သဲအိတ်တွေဖို့ပြီး ရေကြီးမှု ဒဏ်ကာကွယ်နေရပါတယ်။

 

 

    

Related News