အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအပြင်ဘက်က မီးပန်းစက်ရုံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားလို့ သေဆုံးသူ ၄၇ ဦးအထိ မြင့်တက်လာပြီး နောက်ထပ် ဒါဇင်ချီဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပေါက်ကွဲမှုအပြီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဂျာကာတာမြို့အနောက်ပိုင်း တန်ဂါရန်မှာရှိတဲ့စက်မှုဇုန်ထဲက စက်ရုံတစ်ရုံမှာ အင်ဒိုနီးရှားစံတော်ချိန် မနက် ၁၀ နာရီနီးပါးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရုပ်သံဗီဒီယိုတစ်ခုမှာတော့ မီးခိုးလုံးတွေ စက်ရုံဆီကနေထွက်လာတာကို ပြသနေပါတယ်။ မီးငြိမ်း သတ်နိုင်ပြီ ဖြစ်တဲ့အပြင် အလောင်း ၄၇  လောင်းကိုလည်း တွေ့ထားတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူ အာဂို ယူဝိုနိုက မက်ထရို တယ်လီဗီးရှင်းကို ပြောပါတယ်။ မီးလောင်မှုအတွင်း လူပေါင်း ၄၆ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံ ၃ ရုံကို ပို့ပြီး ဆေးကုသမှု ပေးထားတယ်လို့ ယူဝိုနိုကပြောပါတယ်။

စက်ရုံမှာ အလုပ်လုပ်နေခဲ့သူ ၁၀၃ ဦးအထိရှိနေခဲ့တယ်လို့ ဂျာကာတာ ရဲတပ်ဖွဲ့အထွေထွေရာဇ၀တ်မှုနှိမ်နင်းရေး ဆိုင်ရာညွှန်ကြားရေးမှူး က ပြောပါတယ်။ မီးလောင်ခဲ့လို့ အဆောက်အအုံရဲ့အစိတ် တစ်ပိုင်းတစ်ချို့ ပျက်စီးခဲ့ပြီး အနီးနားမှာရှိတဲ့ကားတွေလည်း မီးလောင်ခဲ့ပါတယ်။ စက်ရုံလည်ပတ်တာဟာ သီတင်းပတ် ခြောက်ပတ်ပဲရှိသေးတယ်လို့ မက်ထရိုတီဗီကို ဒေသဆိုင်ရာအစိုးရအရာရှိတစ် ဦးကပြောထားပါတယ်။ မီးလောင်မှုအတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ပထမတစ်ကြိမ်ဖြစ်ပွားပြီး ၃ နာရီအကြာမှာ နောက်တစ် ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင် သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီးသတင်းတွေမှာဖော်ပြနေပါတယ်။ 

 

 

Related News