ဗြိတိန်နိုင်ငံအနေနဲ့ အီးယူအဖွဲ့ထဲကနေ နှုတ်ထွက်တဲ့အခါ လိုက်နာဖို့ရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းဖော်ပြဖို့ ဥရောပသမဂ္ဂ(အီးယူ)က ပြောလိုက်ပါတယ်။ဘရပ်ဆဲလ်မြို့မှာ နောက်ဆုံးပြုလုပ်ထားတဲ့ဆွေးနွေးပွဲတွေအပြီးမှာ အီးယူဘက်က အခုလို ပြောလိုက်တာပါ။ ဗြိတိန်နိုင်ငံအနေနဲ့ ပေးစရာရှိတာတွေကိုပေးမှာလား ဒါမှမဟုတ် အီးယူနဲ့အနာဂတ် ဆက်ဆံရေးမှုကို စွန့်စားမလားဆိုတာ လာမယ့်သီတင်းပတ်တွေအတွင်းပြောဖို့ အချိန်ရှိသေးတယ်လို့ အီယူဘက်က ပြောပါတယ်။
 
၂၀၁၉ ခုနှစ်မှာ ဗြိတိန်နှုတ်ထွက်တဲ့အခါ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်ပြီး အီးယူဘက်က ရှင်းရှင်းလင်းလင်း သိလိုတယ်လို့ လည်း အီးယူရဲ့ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာညှိနှိုင်းရေးမှူး မိုက်ကယ်ဘာနာက ပြောပါတယ်။ ဗြိတိန်နှုတ်ထွက်မှု အလွန်ကာလမှာ အီးယူအဖွဲ့ကြီးအတွင်း တည်ငြိမ်မှုရှိနေဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။ ဗြိတိန်ဘက်က မရေရာမှုတွေဖန်တီးလာတဲ့အခါ မစိုးရိမ်ရဖို့နဲ့  လုံခြုံမှုရှိစေဖို့ ဥပဒေကြောင်းအရ ခိုင်မာအောင်လုပ်လိုတယ် လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။
 
လက်ရှိမှာ ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးမှုတွေဟာ ပိုတိုးတက်ဖို့လိုအပ်နေပြီး အိုင်ယာလန် မြောက်ပိုင်းနဲ့ အိုင်ယာလန်တို့ကြားမှာ နယ်မြေပိုင်းခြားသတ်မှတ်တာကို ဘယ်လိုရှောင်ရှားမယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်းလိုအပ်တယ်လို့ သူက ပြောပါတယ်။ ဗြိတိန်နှုတ်ထွက်မှုဆိုင်ရာဝန်ကြီး ဒေးဗစ် ဒါဗစ် ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေအတွက် တိကျတဲ့ဖြေရှင်းမှု လိုအပ် တာကို ဗြိတိန်နိုင်ငံအနေနဲ့ အသိအမှတ်ပြုပေမဲ့  ဗြိတိန်နိုင်ငံအတွင်းမှာ နယ်စပ်မျဉ်းသတ်မှတ်မယ့်အရေးပေါ်ပေါက်လာမှာကို ခွင့်မပြုဘူးလို့ ပြောထားပါတယ်။ 
 
 

Related News