နိုဝင်ဘာလ(၁၂)ရက်ညပိုင်းက အီရန်နဲ့အီရတ်နိုင်ငံနယ်စပ်ဒေသမှာ အင်အားပြင်း ငလျင် တစ်ခုကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် သေဆုံးသူ အယောက်(၂၁၀)ကျော်နဲ့ ဒဏ်ရာရ သူဦးရေဟာ (၂၈၀၀)ကျော်နေပြီလို့ နှစ်နိုင်ငံအာဏာပိုင်တွေက သတင်းထုတ်ပြန် လိုက်ပါတယ်။ အီရန်နဲ့အီရတ်နိုင်ငံကြားနယ်စပ်ဒေသမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ပြင်းအား(၇.၃)မဂ္ဂနီကျူ့ အဆင့်ရှိပါတယ်။
 
ငလျင်ကြောင့် လူပေါင်း(၂၁၄)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၂၈၀၀)ကျော်ရှိ နေပါတယ်။ ငလျင်ဗဟိုချက်ဟာ မြေအောက်(၂၃)ကီလိုမီတာအကွာမှာ ရှိခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေဟာ တူရကီ၊ အစ္စရေးနဲ့ ကူဝိတ်နိုင်ငံတွေမှာ လှုပ်ခတ်ဖွယ်ရှိနေတယ်လို့ အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာရေးဌာနကပြောခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ(၇)သောင်းကျော် လောက်ဟာ ခိုလှုံစရာနေရာတွေ လိုအပ်နေတယ်လို့ အီရန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောပါတယ်။
 
သေဆုံးသူအများဆုံးရှိခဲ့တာဟာ ကာမန်ရှာ ခရိုင်ဖြစ်တယ်လို့ အာဏာပိုင်တွေက အီရန်နိုင်ငံပိုင် မီဒီယာကိုပြောခဲ့ပါတယ်။ ငလျင်ကြောင့် ဆေးရုံတွေပျက်စီးခဲ့တဲ့အတွက် ဒဏ်ရာရသူရာချီကို ကုသရာမှာ အခက်အခဲတွေဖြစ်နေတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တဲ့ နယ်စပ်ဒေသဟာ တောင်တန်းတွေရှိတဲ့နေရာဖြစ်ပြီး အဲဒီဒေသက အိမ်တွေဟာ ရွံ့အုတ်တွေနဲ့ဆောက်ထားလို့ ငလျင်ဒဏ်ကြောင့် ပြိုကျနိုင်တဲ့အခြေအနေရှိနေပါတယ်။
 
ငလျင် နောက်ဆက်တွဲအနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပြီး ဆက်သွယ်ရေးလည်း အခက်အခဲတွေတွေ့ကြုံနေရသလို မြေပြိုတာတွေကြောင့်လည်း အခက်အခဲတွေ့နေရတယ်ဆိုပြီး ဒေသခံကြက်ခြေနီအဖွဲ့ခေါင်းဆောင်ဖြစ်သူကပြောပါတယ်။ အီရတ်နိုင်ငံဘက်ခြမ်းမှာတော့ အပျက်အစီးအများဆုံးဖြစ်ခဲ့တာဟာ ဒါဘန်ရီခန် မြို့မှာ ဖြစ်ပါတယ်။ ငလျင်အလွန်အခြေအနေဟာ အရေးပေါ်အဆင့်မှာရှိနေတယ်လို့ ခါ့ဒ်ဒေသဆိုင်ရာကျန်းမာရေးဝန်ကြီး ဟာမာ ရက်ရှီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။  အီရတ်နိုင်ငံဘက်ခြမ်းက ခါ့ဒ် ဒေသမှာတော့ ဒဏ်ရာရသူ(၃၂၁)ဦး အထိ ရှိခဲ့တယ်လို့ အီရတ်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။
 
 
  

Related News