အစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဖက်ကြား အငြင်းပွားမှုတွေရှိနေတဲ့ ဂျေရုစလင်မြို့တော်ကို အစ္စရေး မြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အသိအမှတ်ပြုနိုင်ချေရှိနေတယ်လို့ အမေရိကန် အုပ်ချုပ်ရေးအာဏာပိုင်တွေက ပြောပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် တစ်ဖက်သက်အသိအမှတ်ပြုဖွယ်ရှိနေတယ်လို့ အမေရိကန် အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်းအရာရှိတွေက ပြောပါတယ်။
 
ဒါပေမဲ့ ဂျေရုစလင်မြို့က အမေရိကန်သံရုံးအဆောက် အဦ တည်ဆောက်မှုမပြီးသေးတဲ့အတွက် တယ်လ်အဗီမြို့က အမေရိကန်သံရုံးကို ချက်ချင်းပြောင်းရွှေ့ဦးမှာ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။သမ္မတထရမ့်ဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ကာလကတည်းက အစ္စရေးက အမေရိကန်သံရုံးကို ဂျေရုစလင်မြို့ဆီ ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ အစ္စရေးလိုလားပြီး သူ့ကိုထောက်ခံမဲပေးမယ့်သူတွေကို ကတိပေးခဲ့ပါတယ်။ အမေရိကန်သံရုံးကို ဂျေရုစလင်မြို့ကိုပြောင်းရွှေ့တာဟာ မွတ်စလင်တွေကို ပေါ်ပေါ် ထင်ထင်စော်ကား တာဖြစ်တယ်လို့ ဆော်ဒီ အာရေဗျဘုရင်က အစောပိုင်းမှာ သတိပေးထားပါတယ်။
 
ဂျေရုစလင်မြို့ဟာ အစ္စရေးနိုင်ငံသားတွေ အတွက်ရော ပါလက်စတိုင်း တွေအတွက်ရော ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်နေရာဖြစ်ပြီး နှစ်ဖက်ကြားမှာ ပိုင်ဆိုင်မှု အငြင်းပွားနေပါတယ်။ အစ္စရေးတွေက ဂျေရုစလင်ကို မြို့တော်အဖြစ် အမြဲသတ်မှတ်နေတာဖြစ်ပြီး ပါလက်စတိုင်းတွေကတော့ ဂျေရုစလင်မြို့အရှေ့ပိုင်းဟာ အနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်။ အမေရိကန်နိုင်ငံဟာ ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံမြို့ တော်အဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုပါက အခုလို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
 
 
 

Related News