ထိုင်းစစ်တပ်က စီမံလည်ပတ် နေတဲ့ဆေးရုံတစ်ခုမှာ ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံသားကို ထောင်ဒဏ်(၂၆)နှစ် ကျခံဖို့ ထိုင်းရာဇ၀တ်ခုံရုံးက အမိန့်ချမှတ် လိုက်ပါတယ်။အသက်(၆၂)နှစ်ရှိပြီဖြစ်တဲ့ ထိုင်းနိုင်ငံသားအင်ဂျင်နီယာဟောင်း ၀တ်တာနာ ဖမ်ရတ်ဟာ ထိုင်းစစ်တပ်က စီမံလည်ပတ်နေတဲ့ ဆေးရုံတစ်ရုံကို ပြီးခဲ့တဲ့ ဇွန်လမှာ ဗုံးဖောက်ခွဲခဲ့လို့ လူ(၂၁)ဦးဒဏ်ရာရခဲ့တဲ့အတွက် ထိုင်းရာဇ၀တ်ခုံရုံးက ထောင်ဒဏ်(၂၆)နှစ်နဲ့ လူကိုထိခိုက်စေမှုအတွက် ထောင်ဒဏ်(၁၂)လ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၀တ်တာနာရဲ့ လုပ်ရပ်အတွက် ထိုင်း ရာဇ၀တ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချဖို့ရှိနေပေမဲ့ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့တယ်လို့ ၀တ်တာနာက ၀န်ခံခဲ့တဲ့အတွက် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။

ဗုံးကို ဆေးရုံဝင်းထဲက ပန်းအိုးမှာ ထောင်ခဲ့တာ ဖြစ်တယ်လို့ ၀တ်တာနာ က ၀န်ခံခဲ့ပါတယ်။ ဖရာမောင့်ကွတ်ကလောဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖောက်ခွဲမှုကြောင့် ထိုင်း ဘတ်ငွေ(၁) သန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ထိုင်းစစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိထိုင်းဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ် ပါရာဝတ် ၀မ်ဆူဝမ် နာမည်မှည့်ထားတဲ့ ၀မ်ဆူဝမ်အခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ဒီဖောက်ခွဲမှုဟာ နိုင်ငံရေးပယောဂမကင်းဘူးလို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြခဲ့ကြပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုတွေအရ ၀တ်တာနာဟာ ရှပ်နီ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘန်နမ်ပရီယာအိုခရိုင်မှာ စစ်တပ်သုံးလက်နက် တွေအမြောက်အများတွေ့ရှိမှုနဲ့လည်း ပတ်သက်မှုရှိနေတယ်လို့ သူက ၀န်ခံပြောဆိုထားပါတယ်။

 

 

 

Related News