ရုရှားနိုင်ငံကကျောင်းတစ် ကျောင်းမှာ ဆယ်ကျော်သက်(၂)ဦးရန်ဖြစ်ခဲ့ပြီး ရန်ပွဲဝင်တားခဲ့ ကြသူတွေကို ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် လူ(၁၂)ဦးဒဏ်ရာရ ခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။ရုရှားနိုင်ငံမြို့တော် မော်စကိုရဲ့အရှေ့ဘက် ကီလိုမီတာ(၁၀၀၀)လောက်အကွာမှာရှိတဲ့ ပါမ်မြို့ကကျောင်း(၁)ကျောင်းမှာ ဓားနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးငယ်(၁၁)ဦးနဲ့ ဆရာမ(၁)ဦးဒဏ်ရာရခဲ့တယ်လို့ RTR သတင်းဌာနကသတင်းဖော်ပြ ပါတယ်။စာသင်ခန်းထဲမှာ ဓားကိုင်ထားတဲ့ဆယ်ကျော်သက်ယောက်ကျားလေး(၂)ဦး ရန်ဖြစ်နေတာကို ၀ိုင်းထိန်းပေးခဲ့သူတွေ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သတင်းမှာပါဝင်ပါတယ်။
 
တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့(၁၆)နှစ်အရွယ် လူငယ်(၂)ဦးကို ရဲတပ်ဖွဲ့ကထိန်း သိမ်းထားပြီး ဒီဖြစ်ရပ်ဟာ လူသတ်ရန်ကြိုးပမ်းမှုဖြစ်တယ်လို့ ရဲတွေက ယူဆနေပါတယ်။ အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ ဆရာမ နာတာလီယာ ရှာဂူနီနာနဲ့ ကလေးငယ်(၄)ဦးကို ခွဲစိတ်ကုသပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ ဆရာမက စိုးရိမ်ရတဲ့အခြေ အနေမှာရှိနေပြီး ကလေးငယ်တွေကတော့ မစိုးရိမ်ရဘူးလို့လည်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒဏ်ရာရတဲ့ကလေးငယ်တွေဟာ အသက်(၁၀)နှစ်နဲ့(၁၂)နှစ်ကြားကလေးငယ်တွေဖြစ်ပြီး ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ဓားဒဏ်ရာတွေရခဲ့ကြတယ်လို့ သိရပါတယ်။
 
ကျောင်းသား ကျောင်းသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး ရဲတပ်ဖွဲ့က မှုခင်းစုံစမ်းမှုတွေပြုလုပ်နေတဲ့အတွက် ဇန်န၀ါရီလ (၁၆)ရက်မှာလည်း ကျောင်းပိတ်ထားမှာဖြစ်ပါတယ်။ ထိန်းသိမ်းခံထားရသူ(၁)ဦးဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကြောင့် ကျောင်းထုတ်ခံထားရတယ်လို့ ဒေသခံ(၁)ဦးကပြောပေမဲ့ အဲဒီလူငယ်ဟာ ကျောင်းသားဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောတယ်ဆိုပြီး အင်တာဖက်စ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
 
 
 
 
 
 

Related News