ဂျပန်ပင်လယ်ကမ်းခြေမှာ နှင်းတွေဆက်ကျနေတာကြောင့် ဒေသခံတွေရဲ့အသက်အိုးအိမ်တွေ ထိခိုက်နစ်နာမှုတွေရှိနေပြီး ပို့ဆောင်ရေးအခက်အခဲတွေ့နေတဲ့အပြင် သေဆုံးသူ(၁)ဦးနဲ့ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။ နှင်းကျတဲ့ဒဏ်ခံရတဲ့ မြို့(၁)မြို့ဖြစ်တဲ့ ဖူကူအီမြို့မှာ နှင်းတွေထဲမြုပ်လုနီးပါးဖြစ်နေတဲ့ကားတစ်စီးထဲ အသက်(၅၀)ပတ် ၀န်းကျင်ရှိ အမျိုးသား(၁)ဦးသတိမေ့နေတာတွေ့ခဲ့ရတာကြောင့် စစ်ဆေးခဲ့ရာမှာ သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ ဂျပန်မီးသတ် ဌာနကပြောပါတယ်။
 
သူဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေရှူမိတာကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဂျပန်မီးသတ်တပ် ဖွဲ့ကယူဆနေပါတယ်။ ဖူကူအီစီရင်စုမှာ နှင်းတွေရှင်းနေတဲ့အမျိုးသားတစ်ဦးအပါအ၀င် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး (၁၄)ဦးရှိတယ်လို့ ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ ဂျပန်နိုင်ငံတစ်ဝန်းလုံးမှာ နှင်းကျဆင်းမှု မြင့်တက်နေပြီး ဖူကူအီစီရင်စုမှာတော့ နှင်းထုအမြင့်က (၁)မီတာကျော်ရှိပြီး ဒါဟာ (၁၉၈၁)ခုနှစ် ကတည်းက နှင်းကျဆင်းမှုအများဆုံးဖြစ်တဲ့အပြင် တစ်လစာနှင်းကျတာရဲ့ (၆)ဆပိုများတယ်လို့ ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။
 
နှင်းတွေကြောင့် လမ်းတွေပိတ်ထားရပြီး ရထားခရီးစဉ်တွေကို အချိန်ရွှေ့ဆိုင်းထားရတဲ့အပြင် လေဆိပ်(၂)ခုက ပြည်တွင်းခရီးစဉ်တွေကို ဖျက်သိမ်းထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ကျောင်းတွေလည်းပိတ်ထားပြီး အိမ်(၁၅၀) ကျော်မှာလည်း လျှပ်စစ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ လ(၇)ရက် မနက်ပိုင်းအထိ ဖူကူအီစီရင်စုရဲ့နေရာတချို့မှာ နှင်းတွေ(၈၀)စင်တီမီတာလောက်အထိ ကျနိုင်တယ်လို့ ဂျပန်မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ 
 
 
 
 

Related News