ထိုင်းနိုင်ငံတောင်ပိုင်းကပက်တာနီခရိုင်မှာ ဖေဖေါ်ဝါရီလ(၁၁)ရက်က ဗုံးပေါက်ကွဲမှု(၄)ကြိမ် ဖြစ်ခဲ့ပြီးနောက် ပတ်ဝန်းကျင်မှာရှိတဲ့ ဆောင်ခလာခရိုင်အာဏာပိုင်တွေက လာမယ့်တရုတ်နှစ်သစ်ကူး ကာလအတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ ယာယင်းမြို့ကကျောင်း(၁)ကျောင်း နားမှာ ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့လို့ လူ(၂)ဦးဒဏ်ရာရခဲ့ပြီး နောက်ထပ်ပေါက်ကွဲမှု(၂)ခုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
 
ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ် ဆေးမှုတွေပြုလုပ်နေပြီး ဆောင်ခလာခရိုင်က လုံခြုံရေးတပ်ဖွဲ့တွေဟာ အခုတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးစီမံဆောင်ရွက်မှုတွေ ပိုတိုးနေပြီဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်မှာ ခရိုင်ကိုလာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် လုံခြုံရေးအစီအစဉ်တွေကို ထိုင်းရဲတပ်ဖွဲ့က စီမံထားပါတယ်။
 
ခရိုင်ရဲ့ဝင်ထွက်ဂိတ်ပေါက်တွေတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဆောင်ခလာခရိုင်ဟာ တရုတ်လူမျိုးတွေနေထိုင်မှုများပြီး မလေးရှားနဲ့စကာင်္ပူနိုင်ငံသား ခရီးသွားတွေအတွက် လူသိများတဲ့ခရိုင်ဖြစ်ပါတယ်။ စောင်ခလာခရိုင်က မြို့တွင်းပိုင်းနေရာတွေမှာ တရုတ်နှစ်သစ်ကူးအတွက် မီးအိမ်တွေနဲ့ တန်ဆာဆင်ထားပြီး တရုတ်နှစ်သစ်ကူးဈေးပွဲတော်နဲ့  အထိမ်းအမှတ်ပွဲတွေလည်း စတင်နေပြီဖြစ်ပါတယ်။ 
 
 

Related News