မော်စကိုမြို့နားမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့လေယာဉ်ဟာ အမြန်နှုန်းတိုင်း ကိရိယာတွေ ရေခဲခဲ့တာကြောင့်ဖြစ်တယ်လို့ စုံစမ်းရေး မှူးတွေကပြောပါတယ်။
ဖေဖော်ဝါရီလ(၁၁)ရက် ရုရှားနိုင်ငံ၊ မော်စကိုမြို့နားမှာပျက်ကျခဲ့တဲ့ ဆာရာတော့ဗ် လေကြောင်းလိုင်းပိုင်လေယာဉ်ရဲ့အမြန်နှုန်းအာ ရုံခံကိရိယာတွေ ရေခဲနေတာဟာ အဲဒီလေယာဉ် ပျက်ကျခဲ့တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်လို့ ရုရှားစုံစမ်းရေးမှူးတွေကပြောကြပါ တယ်။
 
ဆာရာတော့ဗ်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါလာတဲ့ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ စုစုပေါင်း(၇၁) ဦးသေဆုံးခဲ့ပါတယ်။ မြန်နှုန်းအာရုံခံကိရိယာတွေ ချို့ယွင်းနေတာ ကြောင့် လေယာဉ်မှူးတွေကို မြန်နှုန်းဆိုင်ရာအချက်အလက် အမှားတွေပေးခဲ့တယ်လို့ ရုရှားပြည်တွင်း လေကြောင်းပျံသန်းမှုကော်မတီကပြောပါတယ်။  လေယာဉ်ပေါ်မှာပါလာတဲ့ လေကြောင်း ပျံသန်းမှုမှတ်တမ်းတွေကို အစောပိုင်းစစ်ဆေးမှုတွေအရ မော်စကိုမြို့က ဒိုမိုဒီဒိုဗိုလေဆိပ်ကနေ ထွက်ခွာပြီး (၂)မိနစ်ခွဲအကြာ အမြင့်ပေ(၄၂၀၀)ကျော်မှာ လေယာဉ်ဟာ ပျံသန်းမှုအခက်အခဲ တွေ့ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
လေယာဉ်ရဲ့အပူပေးစနစ် တွေကိုပိတ်လိုက်တဲ့အတွက် အမြန်နှုန်းအာရုံခံကိရိယာတွေအေးခဲသွားပြီး အမြန်နှုန်းဖော်ပြချက်အမျိုးမျိုးကို ဖော်ပြနေခဲ့တယ်လို့ စုံစမ်းရေးမှူးတွေကပြောပါတယ်။ ချို့ယွင်းချက်ကိုသိသိချင်းမှာပဲ လေယာဉ်အမှုထမ်းတွေက အလိုအလျောက်ယာဉ်မောင်းစနစ် ကိုပိတ်ခဲ့ပြီး လေယာဉ်မထွက်ခင်မှာ လေယာဉ်မှူးက ကိရိယာတွေကိုရေမခဲရေးလုပ်ငန်းစဉ်တွေကို ငြင်းခဲ့တယ်လို့ ရုရှားမီဒီယာ တွေကသတင်း ဖော်ပြပါတယ်။ အမြန်နှုန်းအာရုံခံကိရိယာတွေရေခဲခဲ့တာကြောင့် (၂၀၀၉)ခုနှစ်တုန်းက ပြင်သစ်လေကြောင်း လိုင်းပိုင်လေယာဉ်(၁)စီးပျက်ကျခဲ့ပြီး လူ(၂၂၈)ဦးသေဆုံးခဲ့ပါတယ်။ 
 
 
 
 

Related News