ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လာရောက်တဲ့မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရဲ့ ကုန်ကျစရိတ်ကိုပေးချေသွားမှာဖြစ်တယ် လို့ တောင်ကိုရီးယားဘက်က အတည်ပြုပါတယ်။ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့အတွက် ကိုရီးယားဝမ်ငွေသန်း(၂၈၆၀) ကျော်ကို တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ကနေပေးမှာဖြစ်တယ်လို့ ယွန်ဟတ်သတင်းဌာနကသတင်းဖော်ပြပါတယ်။
 
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားအသင်းအားပေးသူတွေနဲ့ ဖျော်ဖြေသူအယောက် (၄၀၀) ကျော်ပါဝင်တဲ့အဖွဲ့(၁)ဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံ ကိုလာရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တွေဟာ ဆိုးလ် မြို့နဲ့ပြုံချမ်းမြို့တို့ကအားကစားကွင်းတွေနားမှာရှိတဲ့ ဇိမ်ခံဟိုတယ်တွေမှာ တည်းခိုနေကြတယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
 
အဲဒီခရီးစဉ်ကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ ရင်ကြားစေ့ရေးဝန်ခံပြောဆိုမှုကိုမေးခွန်းထုတ်နေတဲ့ တောင် ကိုရီးယားနိုင်ငံသားတချို့ကြား အငြင်းပွားမှုတွေရှိနေပါတယ်။ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာပါဝင်ဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားဘက်က ဖိတ်ကြားခဲ့တာဖြစ်ပြီး ဒီကိစ္စက(၂)နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့နဲ့ ဆွေးနွေးမှုတွေစတင်နိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ယူဆနေတာပါ။ မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားဆိုင်ရာရည် မှန်းချက်တွေနဲ့ မကြာခဏ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုက်အ၀န်းနဲ့တင်းမာမှုတွေ ရှိနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့မှုပိုတိုးထားချိန်မှာ မြောက်ကိုရီးယားက ဆောင်းရာသီ အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 
 
 

Related News