ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်က သန်လမ်ဂူကနေ ကယ်ထုတ်ခဲ့ပြီးတဲ့ ကလေးငယ်(၈)ဦးဟာ ကျန်းမာရေးကောင်းနေပေမဲ့ ကူးစက်ရောဂါရှိမရှိစစ်ဆေးထားတဲ့ရလဒ်တွေကို စောင့်ဆိုင်းနေတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ 
ပြီးခဲ့တဲ့(၂)ရက်အတွင်း ထိုင်းနိုင်ငံ၊ သန်လမ်ဂူထဲက ကယ်ဆယ်နိုင်ခဲ့တဲ့ကလေးငယ်(၈)ဦးဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင် ရာရောကျန်းမာရေးကောင်းနေတယ်လို့ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဂျဲဆာဒါ ချိုကီဒါမရောင်ဆွတ် ကပြောပါတယ်။ သူတို့(၈)ဦးစလုံးကို ဓာတ်မှန်ရိုက်ထားသလို သွေးစစ်ထားပြီး အဆုတ်ယောင်နေတယ်လို့ယူဆရတဲ့(၂)ဦးကို လည်း ကုသပေးနေပြီလို့သိရပါတယ်။

အနည်းဆုံး(၇)ရက်လောက် သူတို့ကိုဆေးရုံမှာစောင့်ကြည့်အခြေအနေနဲ့ထားသွားမှာပါ။ ဒါပေမဲ့ သူတို့မှာကူးစက်ရောဂါတွေရှိနေနိုင်သလားဆိုတဲ့ဆေးစစ်ထားတဲ့အဖြေတွေကိုတော့ စောင့်ဆိုင်းနေဆဲပါ။ နောက်ထပ်က လေးငယ်(၄)ဦးနဲ့ သူတို့ရဲ့နည်းပြဖြစ်သူတို့ကတော့ ဂူထဲမှာရှိနေဆဲဖြစ်ပြီး ဇူလိုင်လ(၁၀)ရက်ဒီနေ့မနက်ပိုင်းမှာတော့ သူတို့ကို ကယ်ဆယ်ဖို့လုပ်ငန်းတွေပြန်စနေတယ်လို့ယူဆရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၂၃)ရက်မှာ သူတို့(၁၃)ဦးသန်လမ်ဂူထဲကို အလည်အ ပတ်သွားခဲ့ကတည်းက သူတို့နဲ့အဆက်အသွယ်ပြတ်နေပြီး ဇူလိုင်လ(၂)ရက်မှာသူတို့ကိုပြန်တွေ့ခဲ့ပါတယ်။ အပြင်ပြန်ထုတ်နိုင် ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇူလိုင်လ(၈)ရက်မှာ စလုပ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လူ(၁၀၀၀)ကျော်ပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ ထိုင်းရေတပ်ရေငုပ်သမားဟောင်းတစ်ဦးကတော့ ပိတ်မိနေသူတွေဆီ အောက်ဆီ ဂျင်ပို့ပြီးအပြန်မှာ အောက်ဆီဂျင်ပြတ်ခဲ့တာကြောင့် ဇူလိုင်လ(၆)ရက်က သေဆုံးခဲ့ပါတယ်။ 

 

 

 

Related News