ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဂျပန်နိုင်ငံမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေမြင့်တက်နေပြီး ပျောက်ဆုံးနေသူ(၅၀) ကျော်ရှိနေသလို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းမာရီယာကလည်း ဂျပန်နိုင်ငံကိုဝင်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဂျပန်နိုင်ငံအနောက်ပိုင်းမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ခဲ့တဲ့အတွက် သေဆုံးသူ (၁၆၉)ဦးရှိလာပြီး ပျောက်ဆုံးသူ(၅၆)ဦးရှိနေတယ်လို့ ဂျပန်အစိုးရဘက်ကအတည်ပြုထားပါတယ်။

ဟီရိုရှီးမားစီရင်စုမှာ သေဆုံး သူ(၆၀)ဦးရှိနေပြီး အဲဟိုင်မဲ၊ အိုကာယာမ၊ ကျိုတို၊ ယာမာဂူချီ၊ ဖူကူအိုကာ၊ ကာဂိုရှီမာ၊ ဟျိုဂို၊ ရှီဂါ၊ ဂီဖူ၊ ကိုချီနဲ့ ဆာဂါစီရင်စု တို့မှာလည်း သေဆုံးသူတွေရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကပြီးခဲ့တဲ့(၃၆)နှစ်အတွင်း သဘာဝဘေးဒဏ်ကိုအဆိုးဆုံးခံခဲ့ရတာဖြစ်ပြီး (၁၉၈၂)ခုနှစ်နောက်ပိုင်း အဆိုးဆုံးဖြစ်ရပ်တွေလို့ ဂျပန်အာဏာပိုင်တွေကပြောပါတယ်။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်ဖို့ စီရင်စုအာဏာပိုင်တွေကို ရန်ပုံငွေတွေပေးသွားမယ်လို့ ဂျပန် ၀န်ကြီးချုပ်ရှင်ဇို အာဘဲကအစောပိုင်းမှာပြောထားပြီး ဒီနေ့မနက်ပိုင်းမှာ အိုကာယာမစီရင်စုတွေကို ရဟတ်ယာဉ်နဲ့ကြည့်ရှုခဲ့တယ် လို့ NHKသတင်းဌာနကဖော်ပြပါတယ်။

ဇူလိုင်လ(၁၀)ရက်မနေ့ကညနေပိုင်းမှာတော့ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းက အိုကီနာ ၀ါစီရင်စုကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းမာရီယာဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်းက တစ်နာရီကို (၁၈၀)ကီလိုမီတာလောက်ရှိပြီး လေတိုက်နှုန်းအမြင့်ဆုံးက တစ်နာရီ(၂၅၀)ကီလိုမီတာလောက်ရှိနိုင်တယ်လို့သိရပါတယ်။ မုန် တိုင်းကြောင့် မိုးတိမ်တောင်တွေဖြစ်နေပြီး ဂျပန်နိုင်ငံသားတွေအနေနဲ့ လေပြင်းတွေတိုက်တာနဲ့ လှိုင်းကြီးလာနိုင်တာကိုသတိ ထားဖို့ ဂျပန်မိုးလေ၀သဌာနက သတိပေးထားပါတယ်။ 

 

 

 

Related News