ဒုတိယကမ္ဘာစစ်ကာလက ဂျပန်နိုင်ငံမှာ ဒုတိယအကြိမ်မြောက် အဏုမြူဗုံးထိမှန်ခဲ့တဲ့နာဂါစ ကီမြို့မှာ သြဂုတ်လ(၉)ရက်က ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်နိုင်ငံ၊ နာဂါစကီမြို့အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့(၇၃)နှစ်မြောက်ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို နာဂါစကီမြို့မှာ သြဂုတ်လ(၉)ရက်ကကျင်းပခဲ့ပါတယ်။  အဲဒီအခမ်းအနားကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတား(စ်)လည်းပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ အဏုမြူဗုံးသင့်ခဲ့တဲ့ နံနက်(၁၁)နာရီ(၂)မိနစ်မှာ နာ ဂါစကီငြိမ်းချမ်းရေးပန်းခြံမှာပြုလုပ်တဲ့ အဲဒီအခမ်းအနားကိုတက်ရောက်သူတွေက တစ်မိနစ်ငြိမ်သက်ခဲ့ပါတယ်။ နာဂါစကီမြို့မှာ ကျခဲ့တဲ့အဏုမြူဗုံးကြောင့် လူ(၇၀၀၀၀)ကျော်သေဆုံးခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံပေါင်း(၇၀)ကို ကိုယ်စားပြုတဲ့လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။

ဟီဘာကူရှာလို့ခေါ်တဲ့ ဗုံးဒဏ်သင့်ခဲ့စဉ်မှာအသက်ရှင်ကျန်ရစ်သူတွေက အသက်(၈၂)နှစ်ပတ်ဝန်းကျင် မှာရှိနေပါပြီ။ ဂျပန်အစိုးရအနေနဲ့ နျူကလီးယားကင်းစင်ရေးမှာဦးဆောင်ဖို့ နာဂါစကီမြို့တော်ဝန်ကတောင်းဆိုခဲ့ပါတယ်။ နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာဖြစ်လာရေးအတွက် နျူကလီးယားဗုံးတွေရဲ့ဆိုးကျိုးတွေကို နားလည်ဖို့လိုအပ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက ပြောပါတယ်။ နိုင်ငံတွေအနေနဲ့ နျူကလီးယားလက်နက်ကင်းစင်ဖို့နဲ့ မြင်သာထင်သာရှိတဲ့တိုးတက်မှုတွေရှိလာစေဖို့ အရေးတကြီး စလုပ်ဆောင်သင့်တယ်လို့ ဂူတား(စ်)က ပြောပါတယ်။

 

 

 

Related News