အမေရိ ကန်နိုင်ငံထဲမှာရှိတဲ့ ဂရန်းကန်ရွန်လို့ခေါ်တဲ့ချောက်နက်ကြီးဟာ Seven Natural Wonders အဖွဲ့အစည်းက အသိ အမှတ်ပြုထားတဲ့ သဘာဝအံ့ဖွယ်(၇)မျိုးထဲကတစ်ခုဖြစ်ပါတယ်။ ဂရန်းကန်ရွန်ချောက်နက်ကြီးရဲ့ သက်တမ်းဟာ အခုဆိုရင် နှစ်သန်းပေါင်း(၆)သန်းလောက် ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်က ဂရန်းကန်ရွန်လို့ခေါ်တဲ့ ချောက်နက်ကြီးဟာ သဘာဝအံ့ဖွယ်(၇)မျိုးထဲကတစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အဲဒီချောက်ကြီးရဲ့အောက်ခြေမှာကိုလိုရာဒိုမြစ်ကြီးတည်ရှိပြီး အဲဒီမြစ်ကြီးဟာမိုင်ပေါင်း(၁၄၅၀) ရှည်လျားပါတယ်။ ဂရန်းကန်ရွန်ချောက်ကြီးရဲ့အရှည်ကတော့ မိုင်ပေါင်း(၂၇၇)မိုင်ရှိပြီး (၁၈)မိုင်လောက်ကျယ်ဝန်းတာပါ။

ဂရန်းကန်ရွန် ချောက် နက်ကြီးရဲ့ အနီးနားဝန်းကျင်ကို ဂရန်းကန်ရွန်အမျိုးသားပန်းခြံနဲ့ တခြားလူသိများတဲ့နေရာတွေနဲ့ ၀န်းရံထားတာဖြစ်ပါတယ်။ ဂရန်း ကန်ရွန်ချောက်ကြီးရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း(၆)သန်းလောက်ရှိပြီလို့ တရားဝင် သတ်မှတ်ထားပေမဲ့ မကြာသေးခင်က ဂရန်းကန်ရွန်ချောက်ကြီးနားက ဂူတွေကိုလေ့လာဆန်းစစ်ကြည့်ရာမှာ သူတို့ရဲ့ ဖြစ်တည်မှုကလွန်ခဲ့တဲ့နှစ်သန်းပေါင်း(၁၇)သန်း လောက်ကတည်းကစတင်ခဲ့တာလို့သိရပါတယ်။ အဲဒီချောက်ကြီးရဲ့ အနက်ကတော့(၁)မိုင်ကျော်လောက်နက်ရှိုင်းပါတယ်။ (၁၉၀ ၁)ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်ကနေ (၁၉၀၉)ခုနှစ်၊ မတ်လ(၄)ရက်အထိ အမေရိကန်နိုင်ငံ ကိုအုပ်ချုပ်ခဲ့တဲ့ (၂၆)ဦးမြောက် အမေရိကန်သမ္မတ သီရိုဒေါရုစဗဲ့ကလည်း ဂရန်းကန်ရွန်ချောက်နက်ကြီးတည်ရှိနေတဲ့ နေရာကို ကာကွယ်ပေးဖို့ အဓိကထောက် ခံအားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဂရန်းကန်ရွန်ချောက်ကြီးရဲ့အနက်က (၁)မိုင်ကျော်လောက်ရှိပေမဲ့ ကမ္ဘာ့အနက်ရှိုင်းဆုံး ချောက်ကြီးတော့မဟုတ်သေးပါဘူး။ နီပေါနိုင်ငံမှာရှိတဲ့ ခါလီဂန်ဒါကီဂေါ့ခ်ျ လို့ခေါ်တဲ့ချောက်နက်ကြီးက ဂရန်းကန်ရွန်ထက်ပိုမို နက်ရှိုင်းပြီး ကမ္ဘာ့အကြီးဆုံး ချောက်နက်ကြီးဖြစ်ပါတယ်။ ဂရန်းဂရွန်ချောက်နက်ကြီးတည်ရှိနေတဲ့နေရာက အမေရိကန်နိုင်ငံထဲက အသန့်ရှင်းဆုံး လေ ရရှိတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

အသန့်ရှင်းဆုံးလေရရှိတယ်ဆိုပေမဲ့ တောမီးလောင်မှုတွေနဲ့ ဖုန်မှုန့် မုန်တိုင်း တွေကြောင့် လေထုအရည်အသွေးကိုထိခိုက်စေနိုင်ပြီး တခါတလေမှာပြောင်းလဲမှုတွေရှိနိုင်တယ်လို့သိရပါတယ်။ ဂရန်း ကန်ရွန်ရဲ့အောက်ကနေစီးဆင်းနေတဲ့ ကိုလိုရာဒိုမြစ်တစ်လျှောက်မှာ နို့တိုက်သတ္တ၀ါမျိုးစိတ်(၉၀)လောက်ကိုတွေ့ရှိခဲ့ပြီး အဲဒီထဲ က(၁၈)မျိုးက ရှဥ့်နဲ့ ကြွက်တို့လိုကိုက်ဖြတ်တတ်တဲ့တိရစ္ဆာန်မျိုးစိတ်ဖြစ်ကာ နောက်ထပ်(၂၂)မျိုးကတော့ လင်းနို့လို သတ္တ၀ါမျိုး စိတ်တွေဖြစ်ပါတယ်။  ဂရန်းကန်ရွန်ဟာကမ္ဘာလှည့်ခရီးသွားတွေကြားမှာလည်း လူသိများတဲ့နေရာတစ်ခုဖြစ်ပြီး တစ်နှစ်ကိုခရီး သွား(၅)သန်းလောက်အထိရှိတယ်လို့ သိရပါတယ်။

 

 

Related News