တရုတ်တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီဟွာဝေးရဲ့ကမ္ဘာ့ဘဏ္ဍာရေးအရာရှိချုပ် “မန်ဝမ်ကျိုး”အဖမ်းခံရတဲ့နောက်ကွယ် မှာ ကနေဒါအစိုးရပါဝင်နေခြင်းမရှိဘူးလို့ ကနေဒါဝန်ကြီးချုပ်“ဂျက်စတင် ထရူးဒူး”ကပြောပါတယ်။ မန်ကို ကနေဒါနိုင်ငံ၊ “ဗန်ကူး ပါး”မြို့မှာ ဒီဇင်ဘာလ(၁)ရက်က အမေရိကန်ရဲ့တောင်းဆိုချက်အရ ဖမ်းဆီးခဲ့တာလို့ ကနေဒါတရားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၅)ရက်မှာပြော ပါတယ်။ ဘာကြောင့်အဖမ်းခံခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကို အတိအကျမပြောထားဘူးလို့ ဟွာဝေးဘက်ကဝေဖန်ထားပါတယ်။

အမေရိကန်က အီရန်ကိုချထားတဲ့ပိတ်ဆို့မှုတွေကို ဟွာဝေးကချိုးဖောက်ခဲ့တယ်လို့ယူဆရတဲ့အတွက် စုံစမ်းစစ်ဆေးနေချိန်မှာ မန်အဖမ်းခံခဲ့ရတာပါ။ သူ့ကိုချက်ချင်းပြန်လွှတ်ပေးဖို့လည်း တရုတ်နိုင်ငံဘက်က တောင်းဆိုနေပါတယ်။ (5G)ကွန်ယက်တွေကို ဟွာဝေးက တစ်ဆင့် တရုတ်ကရရှိပြီး သူလျှိုလုပ်ငန်းတွေပိုဖြန့်ကျက်လာမှာကို အနောက်နိုင်ငံတွေရဲ့အစိုးရအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ ဟွာဝေးကတော့ သူတို့ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရမရှိဘူးလို့ငြင်းဆိုထားပါတယ်။ ဒီနေ့မှာ မန့်ရဲ့အမှုအတွက် တရားရုံးကြားနာမှုစတင်မှာပါ။

 

Related News