အင်္ဂလန်နိုင်ငံ၊ ယောက်ခ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ (၂၀၁၈) UK Championship ပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံသားတစ်ဦးဖြစ်တဲ့ အိုဆူလီဗန်ဟာ မြောက်အိုင်ယာလန်နိုင်ငံသားမက်အလန်ကိုအနိုင်ရရှိကာ ပြိုင်ပွဲမှာဗိုလ်စွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ (၂၇) ရက်နေ့ကနေ ဒီဇင်ဘာလ (၉) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တဲ့ UK Championship ပြိုင်ပွဲဟာ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ အိမ်ရှင်နိုင်ငံသားတွေအများဆုံးဗိုလ် စွဲလေ့ရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲဟာ အင်္ဂလန်နိုင်ငံတွင်းမှာကျင်းပပြုလုပ်တဲ့ပြိုင်ပွဲဖြစ်တာကြောင့် အိမ်ရှင်နိုင်ငံသားဖြစ်တဲ့ အိုဆူလီဗန် ကိုအဓိကအားထားခဲ့ကြပြီး၊ အိုဆူလီဗန်ဟာလည်း အားထားရလောက်တဲ့လက်စွမ်း ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

အိုဆူလီဗန်ဟာ ပြိုင်ပွဲရဲ့ပထမအဆင့်ကနေ ဗိုလ်လုပွဲအဆင့်အထိလက်စွမ်းကောင်းတွေနဲ့ တက်ရောက်လာခဲ့ပြီး၊ Best of 19 ယှဉ်ပြိုင်ရမယ့်ဗိုလ်လုပွဲအဆင့်မှာလည်း ပြိုင်ဘက်မက်အလန် ကိုလက်စွမ်းအသာစီးနဲ့ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ သူဟာ ဗိုလ်လုပွဲစဉ်မှာမြောက်အိုင်ယာလန်နိုင်ငံသားမက်အလန်ကို (၁၀)ပွဲ (၆) ပွဲနဲ့အနိုင်ရရှိခဲ့ပြီး၊ ပြိုင်ပွဲမှာလက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သလို၊ အခြားသောစံချိန်ကောင်းတစ်ခုကိုလည်း တင်နိုင်ခဲ့ပါတယ်။

အဲ့ဒီစံချိန်ကတော့ UK Championship ပြိုင်ပွဲမှာအအောင်မြင်ဆုံးကစားသမားဆိုတဲ့စံချိန်ကိုတင်နိုင်ခဲ့ပြီး၊ တစ်နိုင်ငံတည်းသားစတိဗ်ဒေးဗစ်ကိုကျော်ဖြတ်ကာ ချန်ပီယံဆု (၇)ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။ UK Championship ပြိုင်ပွဲဗိုလ်စွဲနိုင်ခဲ့တဲ့ အိုဆူလီဗန်ဟာ ဆုကြေးပေါင် (၁) သိန်း(၇)သောင်း ကျော်ရယူနိုင်ခဲ့ပြီး၊ (၂၀၁၈)ခုနှစ်အတွင်း(၃)ကြိမ်မြောက်ဆုဖလားနဲ့ ကစားသမားဘ၀တစ်လျှောက် (၁၉)  ကြိမ်မြောက်အဓိကဆုဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

 

 

 

Related News