ကင်ဂျုံနမ်အသတ်ခံရတာနဲ့ဆက်စပ်နေတယ်လို့စွဲချက်တင်ပြီးမလေးရှားမှာထိန်းသိမ်းခံထားရတဲ့ အင်ဒိုနီးရှားအမျိုးသမီးကို မတ်လ(၁၁) ရက်မှာတရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အစ်ကိုဝမ်းကွဲ ကင်ဂျုံနမ်အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ဆက်စပ်နေတယ်လို့ စွဲချက်တင်ထားတဲ့ အင်ဒိုနီးရှားအမျိုးသမီးကို စွဲချက်ပြန်ရုတ်သိမ်းပြီး လွှတ်ပေးလိုက်ပါတယ်။ (၂၀၁၇)ခုနှစ်၊ ဖေဖော်ဝါရီလက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှာ ကင်ဂျုံနမ်ရဲ့မျက်နှာကို VX အာရုံကြောအဆိပ်နဲ့ ဖြန်းခဲ့တယ်ဆိုပြီး ဆီတီအာအစ်ယာကိုထိန်းသိမ်းထားတာပါ။ အာအစ်ယာနဲ့ ဗီယက်နမ်အမျိုးသမီးဒုံသီဟောင်တို့က လူသတ်မှုနဲ့ပတ်သက်နေတယ်ဆိုတာ ငြင်းဆိုထားပြီး သူတို့က ရုပ်သံဟာသအစီအစဉ်တစ်ခုမှာပါနေ တယ်လို့ ထင်ခဲ့တာဆိုပြီးပြောပါတယ်။ ဘာကြောင့်လွှတ်ပေးတယ်ဆိုတာကို အကြောင်းပြချက်မပေးပေမဲ့ မလေးရှားအစိုးရရှေ့နေတွေရဲ့ တောင်းဆိုချက်ကို တရားသူကြီးက အတည်ပြုခဲ့ပြီး ဆီတီအာအစ်ယာကိုလွှတ်ပေးလိုက်ပြီလို့ ပြောပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာသူတို့ မရှိဘူး လို့ မြောက်ကိုရီးယားဘက်ကပြောနေပေမဲ့ ကင်ဂျုံနမ်အသတ်ခံရပြီးနောက်တစ်ရက်မှာမလေးရှားကနေထွက်ပြေးသွားတဲ့ မြောက်ကိုရီး ယားနိုင်ငံသားလို့ယူဆရတဲ့လူ(၄)ဦးကိုလည်းတရားစွဲထားပါတယ်။ မိသားစုနဲ့ဝေးတဲ့ကင်ဂျုံနမ်က မြောက်ကိုရီးယားနိုင်ငံကို သူတို့မျိုးဆက်ကပဲ အုပ်ချုပ်နေတာကိုဆန့်ကျင်ပြောဆိုခဲ့ဖူးပြီး ကင်ဂျုံအန်ကခေါင်းဆောင်အရည်အချင်းကင်းမဲ့တယ်လို့ ပြောခဲ့တယ်ဆိုပြီး(၂၀၁၂)ခုနှစ်ထုတ် စာအုပ်တစ်အုပ်မှာဖော်ပြပါတယ်။

 

Related News