ဥရောပသမဂ္ဂကနေဗြိတိန်နုတ်ထွက်ဖို့ ဗြိတိန်ဝန်ကြီးချုပ်ထရီစာမေရဲ့သဘောတူညီချက်ကိုဒီနေ့မှာတတိယအကြိမ် မဲခွဲမယ်လို့အစောပိုင်းမှာသတင်းတွေထွက်ခဲ့ပေမဲ့ ဘယ်နေ့မှာမဲခွဲမလဲဆိုတာမရေမရာဖြစ်နေပါတယ်။ဒီနေ့(ဒါမှမဟုတ်)မနက်ဖြန်မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေရဲ့ ဥရောပသမဂ္ဂ(အီးယူ)ကနုတ်ထွက်ရေးသဘောတူညီချက်ကို တတိယအကြိမ်မဲခွဲမလားဆိုတာကိုတနင်္လာနေ့မှာလွှတ်တော်ပြန်တက်တဲ့ဗြိတိန်အမတ်တွေကစောင့်ကြည့်ရမှာပါ။ လွှတ်တော် အမတ်တွေနှစ်ကြိမ်ဆန့်ကျင်မဲပေးခဲ့ပြီးတဲ့သူ့ရဲ့သဘောတူညီချက်ကိုထောက်ခံကြဖို့ မေကနောက်တစ်ကြိမ်ထပ်ပြီးတောင်းဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တုန်းကသူ့ရဲ့သဘောတူညီချက်ကိုလွှတ်တော်ကဒုတိယအကြိမ်ဆန့်ကျင်မဲပေးခဲ့တဲ့နောက် သူ့ရဲ့သဘောတူညီချက်ကိုအမတ်အများစုထောက်ခံစေချင်ရင် သဘောတူညီချက်ကိုလက်ခံအောင် ကွန်ဆာဗေးတစ်အမတ်တွေနဲ့ အိုင်ယာလန်မြောက်ပိုင်းကDUPအမတ်တွေကိုသူထပ်ပြီးဆွဲဆောင်ရဦးမယ်လို့ မေကပြောပါတယ်။ မတ်လ (၂၁)ရက်မှာဥရောပကောင်စီကိုမတင်ပြခင် ဗြိတိန်လွှတ်တော်ကသဘောတူညီချက်တစ်ခုရရင် အဲဒီဥပဒေကိုအတည်ပြုနိုင်ဖို့ အခုလ(၂၉)ရက်မှာအီးယူကနုတ်ထွက်မယ့်ကိစ္စအတွက် အချိန်နောက်ရွှေ့ဖို့စီစဉ်မှာပါ။

ဒီနေ့မှာသဘောတူညီချက်အတွက် မဲခွဲမယ်လို့ အစောပိုင်းကသတင်းတွေထွက်ခဲ့ပေမဲ့ အတည်တော့မပြုရသေးပါဘူး။ တကယ်လို့ မေရဲ့သဘောတူညီချက်ကိုလွှတ် တော်ကနောက်တစ်ကြိမ်ထပ်ပြီးဆန့်ကျင်မယ်ဆိုရင် သူ့ကိုအယုံအကြည်မရှိအဆိုနောက်တစ်ခေါက်ထပ်သွင်းမယ်လို့ အတိုက် အခံလေဘာပါတီခေါင်းဆောင် ဂျယ်ရမီကော်ဘင်ကလည်းဖိအားပေးထားပါတယ်။ လေဘာပါတီကပဲ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာ မေ့ကိုအယုံအကြည်မရှိအဆိုတင်သွင်းခဲ့ပေမဲ့ အဲဒီအဆိုကိုမဲခွဲရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အီးယူကနေနုတ်ထွက်မယ်လို့ ဗြိတိန် တွေမဲပေးခဲ့တာ (၃)နှစ်နီးပါးရှိနေချိန်မှာဘာသဘောတူညီချက်မှမရှိဘဲနုတ်ထွက်မလား၊ ဒါမှမဟုတ်မနုတ်ထွက်ဘဲနေမလားဆို တာတွေအပါအ၀င် ဖြစ်နိုင်ချေတွေများနေသလိုဘယ်အချိန်၊ ဘယ်လိုနုတ်ထွက်မလဲဆိုတာပိုရှင်းလင်းမလာပါဘူး။

 

 

 

Related News