အီဂျစ်နိုင်ငံက ဂီဇာပိရမစ်နားမှာ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့ အနည်းဆုံးလူ(၁၀)ယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူအများစုက အသေးစားဒဏ်ရာတွေရခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။ 

အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုနားမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ခရီးသွားဘတ်စ်ကားတစ်စီးကိုထိခိုက်ခဲ့လို့ အနည်းဆုံးလူ(၁၀) ယောက်ဒဏ်ရာ ရခဲ့ပါတယ်။ ဂရန်းအီဂျစ်ပြတိုက်အနီးက ဖောက်ခွဲရေးပစ္စည်းဟာ နိုင်ငံခြားခရီးသွား(၂၅)ယောက်ကို တင်လာတဲ့ ဘတ်စ်ကားကိုထိခိုက်စေခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အသံကျယ်ကြီးတစ်ခုကိုကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတချို့ ပြောခဲ့ပြီး အဲဒီပေါက်ကွဲမှုကြောင့်ဘတ်စ်ကားနဲ့ တခြားအနီးကယာဉ်တွေရဲ့ ပြတင်းပေါက်မှန်တွေကွဲထွက်ခဲ့တယ်လို့ နိုင်းလ်တီဗွီ ကပြောပါတယ်။ ပြတိုက်ရဲ့ ခြံစည်းရိုးအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုက ဘာကြောင့်ပေါက်ကွဲခဲ့ရသလဲဆိုတာကိုတော့ မသိရသေးဘူးလို့ အီဂျစ်လုံခြုံရေးဦးစီးဌာနကပြောပါတယ်။

ဖောက်ခွဲမှုကို အဝေးထိန်းကိရိယာနဲ့ ထိန်းချုပ်ခဲ့တာလို့ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေမှာဖော်ပြနေပါတယ်။ ဂရန်းအီဂျစ်ပြတိုက်ဟာ ပြန်မွမ်းမံနေဆဲပြတိုက် တစ်ခုဖြစ်ပြီး လာမယ့်နှစ်မှာပြန်ဖွင့်နိုင် ဖို့ စီစဉ်ထားသလို ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာထိခိုက်ခဲ့တာမျိုးမရှိဘူးလို့ အီဂျစ်အမွေအနှစ်ပစ္စည်းများ ဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်ထိ ပေါက်ကွဲမှုကသူတို့လုပ်ဆောင်ခဲ့တာဆိုပြီး ၀န်ခံထားတဲ့အဖွဲ့အစည်းမျိုးတော့မရှိသေးပါဘူး။

 

Related News