ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်ဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းပရိသတ်တွေရဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကို ပြောင်းရွှေ့စေလိုနေတဲ့ နံပါတ်(၁)ကစားသမားအဖြစ်ရပ်တည်နေခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ ကာလမှာ အသင်းကိုရောက်ရှိစေ လိုတဲ့နာမည်ကြီးကစားသမားတွေကို မဲပေးရွေးချယ်တဲ့စနစ်နဲ့ရွေးချယ်စေခဲ့ရာမှာ ချယ်လ်ဆီးတောင်ပံကစားသ မားဟာဇက်က ထိပ်ဆုံးနေရာမှာရပ်တည်ခဲ့ပါတယ်။ ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်ကိုယ်တိုင်ကလည်း လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ လိုတယ်လို့ဖွင့်ဟထားပြီး၊ ရီးရဲယ်လ်မက်ဒရစ်အသင်းက ဟာဇက်ပြောင်းရွှေ့ လိုတဲ့ကလပ်အသင်းအဖြစ်လည်း သတင်းများကဖော်ပြနေခဲ့ကြပါတယ်။

ရီးရဲယ်လ်မက်ဒရစ် အသင်းဟာ လာမယ့်အပြောင်းအရွှေ့ မှာ အသင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်သွားဖို့စီစဉ်နေပြီး၊ ခေါ်ယူ သွားမယ့်ကစားသမားတွေထဲမှာ ဟာဇက်၊ နေမာ၊ ပေါ့ဘာ၊ အဲရစ်ဆင်နဲ့ လူကာဂျိုဗစ်တို့ပါဝင်နေခဲ့ပါတယ်။ အ ဆိုပါကစားသမားတွေထဲမှာ ဟာဇက်ဟာ ပရိသတ်တွေရဲ့ မဲအရေအတွက်ပေါင်း (၅၃၇၀၀) နဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့ပြီး၊ ဒုတိယနေရာမှာတော့ ဖရန့်ဖတ်အသင်းလူငယ်တိုက်စစ်မှူးလူကာဂျိုဗစ်က မဲအရေအတွက် (၃၄၇၀၀) နဲ့ရပ်တည်နေခဲ့ပါတယ်။ တတိယနေရာမှာတော့ စပါးစ်ကွင်းလယ်လူအဲရစ်ဆင်က မဲအရေအတွက် (၂၅၃၀၀)၊ စတုထ္ထနေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက မဲအရေအတွက် (၁၆၉၀၀)၊ ပဉ္စမနေရာမှာတော့ လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီက မဲအရေအတွက် (၁၆၄၀၀) နဲ့ရပ်တည်နေပြီး၊ မန်ယူအသင်းကထွက်ခွာ ဖို့သတင်းတွေထွက်ပေါ်နေတဲ့ ကွင်းလယ်လူပေါ့ဘာကတော့ မဲအရေအတွက် (၁၃၈၀၀) နဲ့ ဆဋ္ဌမနေရာတို့မှာ အသီးသီးရပ်တည်နေကြပါတယ်။ 

ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ပြီးဆုံးသွားခဲ့တဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ ဖလားလက်မဲ့ရာသီတစ်ခုနဲ့ကြုံတွေ့ခဲ့ပြီး၊ လာမယ့်ရာသီမှာ ဆုဖလားတွေပြန်လည်ရယူနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ အကြီးစားပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

Related News