ဟွာဝေးထုတ်ကုန်တွေမှာ ၀န်ဆောင်မှုတွေသုံးလို့မရတော့ဘူးလို့အသိပေးထားတဲ့ဂူဂယ် ကုမ္ပဏီနဲ့ ကန့်သတ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ စီစဉ်နေတယ်လို့ ဟွာဝေးနည်းပညာကုမ္ပဏီတည်ထောင်သူ ရန်ကျန်းဖေက အသိပေးလိုက်ပါတယ်။ အန်းဒရွိုက်လုပ်ငန်းလည်ပတ်မှုစနစ်(Operation System)ကိုဂူဂယ်ကုမ္ပဏီကအသုံးပြုခွင့်ပိတ်တာနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ ဟွာဝေးနဲ့ဂူဂယ်တို့ ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ဟွာဝေးနည်းပညာကုမ္ပဏီတည်ထောင်သူ ရန်ကျန်းဖေကအင်္ဂါနေ့မှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့အမိန့်အရ ဟွာဝေးနဲ့ချိတ်ဆက်အလုပ်လုပ်မယ်ဆိုရင် လိုင်စင်လိုအပ်လာလို့ ဟွာဝေးကို အသုံးပြုခွင့်မပေးတော့ဖို့ ဂူဂယ်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးတရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်မှာရှိတဲ့ ဟွာဝေးရုံးချုပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရန်က အခုလို ပြောခဲ့တာပါ။ ဂူဂယ်ရဲ့ပိတ်ဆို့မှုဟာ ဟွာဝေးအတွက် ဆိုးကျိုးသက်ရောက်မှုတချို့ရှိတယ်လို့လည်း ရန်က ၀န်ခံခဲ့သလို အခုဖြစ်ရပ်ကိုခြုံငုံမိမယ့် အစီအမံတွေအတွက် ဆွေးနွေးနေကြတယ်လို့လည်း ပြောပါတယ်။

ဟွာဝေးအနေနဲ့ ကာလရှည်ရင်ဆိုင်ရမယ့်အခြေအနေတွေအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကြာသပတေးနေ့မှာ နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတဲ့ဟွာဝေးကုမ္ပဏီနဲ့ လုပ်ငန်းတွဲလုပ်မယ်ဆိုရင် လိုင်စင်လိုအပ်မယ်လို့ အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် နောက်ထပ်ဟွာဝေးက ထုတ်မယ့်ဖုန်းတွေမှာ ဂူဂယ် ၀န်ဆောင်မှုတွေ မရတော့ဖို့နဲ့ အန်းဒရွိုက်စနစ်အသုံးပြုမှုကိုကန့်သတ်မယ်လို့ ဂူဂယ်ပြောခွင့်ရသူတစ်ယောက်က တနင်္ဂနွေနေ့မှာ ပြောခဲ့သလိုဟွာ ဝေးဖုန်းတွေမှာ အသုံးပြုနေတဲ့ ချစ်ပ်ပြားတွေကို ထုတ်လုပ်တဲ့အမေရိကန်ကုမ္ပဏီတချို့ကလည်း ဟွာဝေးနဲ့အလုပ်ဆက်ပြီး တွဲမလုပ်တော့ဘူးလို့ သတင်းတွေမှာဖော်ပြပါတယ်။ တနင်္လာနေ့မှာ ဟွာဝေးအပေါ်ကန့်သတ်ထားတာတွေကို (၃)လယာယီဖြေလျော့ ထားမယ်လို့လည်းအမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

Related News