ဗုဒ္ဓဟူးနေ့မှာပြီးခဲ့တဲ့ (၁၂)ရက်အတွင်းစတုတ္ထမြောက်ဒုံးကျည်ပစ်လွှတ်မှုတွေကိုကြည့်ရှုစစ်ဆေးခဲ့တဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကတာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေဟာပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့အမေရိကန်နဲ့တောင်ကိုရီးယားတို့ကိုသတိပေးနေတာလို့ပြောပါတယ်။နိုင်ငံအနောက်ပိုင်းလေယာဉ်ကွင်းတစ်ခုကနေပစ်လွှတ်လိုက်တဲ့ဒုံးကျည်နှစ်စင်းကမြို့တော်ပြုံယမ်းကိုဖြတ်ပြီးအရှေ့ဘက်ကမ်းခြေမှာရှိတဲ့ကျွန်းတစ်ကျွန်းကပစ်မှတ်ကိုတိတိကျကျထိမှန်ခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်KCNAသတင်းဌာနကဖော်ပြပါတယ်။အင်္ဂါနေ့မနက်ပိုင်းကဒုံးကျည်စမ်းသပ်မှုကဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်းအမျိုးအစားသစ်တွေရဲ့ယုံကြည်ရမှုနဲ့တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝမှုတို့ကိုသက်သေပြနေတယ်လို့ KCNAကဖော်ပြတာပါ။

ဒုံးကျည်ပစ်လွှတ်နိုင်မှုကိုကင်ကကျေနပ်ကြောင်းပြောခဲ့ပြီးပစ်လွှတ်မှုတွေဟာအမေရိကန်နဲ့တောင်ကိုရီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကိုသတိပေးနေတာလို့လည်းပြောခဲ့တယ်ဆိုပြီး KCNAသတင်းမှာပါဝင်ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေဖြစ်နိုင်ချေရှိတဲ့ဒုံးကျည်ပစ်လွှတ်မှုနှစ်ခုကိုတောင်ကိုရီးယားစစ်တပ်ကအင်္ဂါနေ့မှာပြောခဲ့ပြီးတဲ့နောက်KCNAကဒီနေ့မနက်ပိုင်းမှာအတည်ပြုခဲ့တာပါ။မြောက်ကိုရီးယားရဲ့ဒုံးကျည်တွေဟာအနိမ့်ပိုင်းကသွားလို့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုထိုးဖောက်သွားနိုင်တဲ့ရုရှားလုပ်Iskanderဒုံးကျည်တွေနဲ့ဆင်တူတယ်လို့တောင်ကိုရီးယားစစ်တပ်ဘက်ကပြောပါတယ်။အမေရိကန်-တောင်ကိုရီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကိုမြောက်ကိုရီးယားကရှုတ်ချထားပြီးတနင်္လာနေ့မှာစစ်ရေးလေ့ကျင့်မှုစတင်တယ်လို့တောင်ကိုရီးယားဘက်ကပြောထားပေမဲ့အသေးစိတ်ကိုတော့မပြောသေးပါဘူး။စစ်ရေးလေ့ကျင့်မှုတွေကမြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးအတွက်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖွံ့ဖြိုးဖို့၊စမ်းသပ်ဖို့နဲ့နေရာဖြန့်ကျက်ချထားဖို့လိုနေတယ်ဆိုတာဖော်ပြနေတယ်လို့အင်္ဂါနေ့မနက်ပိုင်းမှာမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

 

 

Related News