ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ခံထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အချိန်မရွေး စမ်းသပ် ပစ်ခတ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အတည်ပြုလိုက်တဲ့ ဘယ်လိုနေရာကိုမဆို အချိန်မရွေး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ကို စမ်းသပ်ပစ်လွှတ်နိုင်ပြီလို့ မြောက်ကိုရီးယားက ဇန်န၀ါရီလ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ မြောက်ကိုရီးယား ဟာ ICBM ကို စမ်းသပ်ပစ်လွှတ်ဖို့ နီးစပ်နေပြီလို့ ခေါင်းဆောင် ကင်ဂျုံအန်က အခုလအစောပိုင်းမှာ ပြောထား တာပါ။ ဒီလိုပစ် ခတ်နိုင်တဲ့အခြေအနေရှိပြီဆိုတာကို မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောထားတယ်လို့ နိုင်ငံပိုင်KCNA  သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ICBM နည်းပညာတိုးတက်အောင်လုပ်နေချိန်မှာပဲ ဒုံးကျည်အင်ဂျင်နှဲု့ ICBM  ဒုံးကျည်အတွက် အပူကာအကွယ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ ပြုံရမ်းဟာ စမ်းသပ်ဖို့ နီးစပ်နေပေမယ့် ခြောက်ပစ်ကင်းတဲ့လက်နက်ရရှိဖို့ နှစ်အနည်းငယ်ကြာနိုင်တယ်လို့လည်း ကျွမ်းကျင် သူတွေက ပြောပါတယ်။ မြောက်ကိုရီးယားဟာ ICBM  ဒုံးကျည်စနစ်ကို အမှန်တကယ်တိုးတက်အောင်လုပ်နိုင်ပြီဆိုရင် မြောက်ကိုရီးယားကနေ ကီလိုမီတာ ကိုးထောင်အကွာမှာရှိတဲ့ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်တဲ့အထိ စွမ်းရည်မြင့်လာမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားရဲ့အခုကြေညာချက်ဟာ ရန်လိုတဲ့ကြေညာ ချက်ဖြစ်ပြီး တကယ်စမ်းသပ်မယ်ဆိုရင် ပိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမယ်လို့ပြောထားပါတယ်။ 

 

Related News