ယမန်နေ့က မက္ကဆီကိုရှိ ဈေးဝယ်စင်တာအားကစားခန်းမမှ ထွက်လာသော အသက် ၃၁ နှစ်အရွယ် အမေရိကန်ကောင်စစ်ဝန်တစ်ဦးအား သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတစ်ရပ်၌ဖော်ပြထားသည်။ သေနတ်သမား သည် ကောင်စစ်ဝန်အားလုပ်ကြံရန် Guadalajara ပြည်နယ် Jalisco မြို့တော်ရှိ ဈေးဝယ်စင်တာ၏ အပြင်ဖက်ရှိ ၄င်း၏ကားအတွင်း၌ ပုန်းအောင်းကာချောင်းမြောင်းကြည့်ရှုနေခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဆိုပါ ကောင်စစ်ဝန်၏ ရင်ဘတ်ပိုင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

သေနတ်နှင့်ပစ်ခတ်ခံရသူ၏ အမည်မှာ Christopher Ashcraft ဖြစ်သည်ဟု Guardianသတင်းစာက စုံစမ်းသိရှိ ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကို လုံခြုံရေးကင်မရာများတွင် မှတ်တမ်းတင်ထားနိုင်ခဲ့သည့်အတွက် သေနတ်သမားဟု သံသယရှိသူ သည် နေကာမျက်မှန်တပ်ထားပြီး ခရမ်းရောင်အင်္ကျီကိုဝတ်ဆင်ထားကာ မြို့တော်၏ Plaza Sania Mall ဈေးဝယ်စင်တာရှိ ယာဉ်ရပ်နားရာနေရာမှထွက်လာသော ကောင်စစ်ဝန်နောက်သို့ လိုက်ပါခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ၄င်းသည် သေနတ်ဖြင့် ပစ်ခတ်ပြီး ဈေးဝယ်စင်တာမှ အနက်ရောင်မော်တော်ကားဖြင့်ထွက်ခွာမသွားမီ မော်တော်ကား ၀င်ထွက်ရာလမ်းအနီးသို့ လမ်းလျှောက်သွားခဲ့သည်ဟုဆိုသည်။ 

အဆိုပါသံသယရှိသူအားဖမ်းမိရန် သတင်း ပေးနိုင်သူအား ဆုငွေ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဆုချမည်ဟု FBI က သတင်းထုတ်ပြန်ထားသည်။ ပစ်ခတ်မှုမဖြစ်ပွားမီ က ၄င်းအား အနီးရှိကော်ဖီဆိုင်တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သံရုံးက Guadalajara ဒေသရှိ အမေရိကန်နိုင်ငံသားများကို ရဲများ၏စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းလျှက်ရှိစဉ်ကာလတွင် အိမ်အနီးပတ်ဝန်းကျင်နှင့် အလုပ်အနီးတ၀ိုက်တွင် သွားလာခြင်းမပြုကြဖို့ သတိပေးထားကြောင်း သိရသည်။ 

 

 

Related News