အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဂျပန်ဧကရာဇ် "အာခီဟီတို"ထီးနန်းစွန့်နိုင်ရေးကို ၂ နှစ်အတွင်း ဖြစ်လာနိုင်အောင် ဂျပန်အစိုးရက စီစဉ်နေပြီလို့ ဂျပန်သတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။ သက်တော် (၈၃)နှစ်ရှိပြီဖြစ်တဲ့ ဧကရာဇ် "အာခီဟီတို"က ထီးနန်းစွန့်လို တယ်လို့ တိုက်ရိုက်မပြောဆိုပေမယ့် သူဟာ အသက်အရွယ်ကြီးရင့်လာပြီး ကျန်းမာရေး အခြေအနေကြောင့် တာဝန်ယူထားတာတွေကို ကျေပွန်အောင် မထမ်းဆောင်နိုင်မှာ စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ပြောထားတာပါ။

ဖွဲ့စည်းပုံအရ ဧကရာဇ်ဟာ နိုင်ငံရေးအာဏာ မရှိပေမယ့် နိုင်ငံ့ပြယုဂ်၊ ပြည်သူတွေပေါင်းစည်းမှု ပြယုဂ်အနေနဲ့ ဂျပန်နိုင်ငံမှာ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဖွဲ့စည်းပုံမှာ ဧကရာဇ်ထီးနန်းစွန့်မှု အခန်းကဏ္ဍမပါရှိလို့ နန်းမစွန့်နိုင်ဖြစ်နေတာပါ။ ဒါပေမဲ့ "နစ်ကီ"သတင်းအပါအ၀င် ဂျပန်နိုင်ငံအတွင်းက သတင်းစာတွေမှာတော့ ဂျပန်အစိုးရဟာ ဧကရာဇ် ထီးနန်းစွန့်နိုင်ရေးနဲ့ အိမ်ရှေ့မင်းသားကို ထီးနန်းလွှဲအပ်နိုင်ရေးကို (၂၀၁၉) ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှာ အပြီးသတ်လုပ်နိုင်အောင် ပြင်ဆင်နေတယ်လို့ သတင်းဖော်ပြနေပါတယ်။ ဧကရာဇ်နန်းစွန့်မှုကိုတော့ (၂၀၁၈) ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှာ ဖြစ်နိုင်အောင် အစိုးရဘက်က စီစဉ်နေတယ်ဆိုတဲ့ သတင်းဖော်ပြမှုတွေလည်း ရှိနေပါတယ်။ ဧကရာဇ် "အာခီဟီတို"ဟာ လာမယ့် (၂၀၁၈)ခုနှစ်မှာ ထီးနန်းသက် နှစ် (၃၀)ရှိလာမှာဖြစ်ပါတယ်။ 

Related News