ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ခီရှီဒါနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် တို့ဟာ တိုကျိုမြို့မှာ ပထမဆုံး အကြိမ်ဆွေးနွေးပြီဖြစ်ပါတယ်။ ၀န်ကြီးတွေဟာ နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးအပါအ၀င် အခြားရေးရာကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးထားပါတယ်။ ခီရှီဒါကတော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် တာဝန်ယူပြီး ပိုမိုကြီးမားတဲ့ ကဏ္ဍမှာ ပါဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေမှာ ပူးပေါင်းဆောင်ရွတ်ရေးအတွက် ၀န်ကြီးတွေက အဓိကထား ဆွေးနွေးထားပါတယ်။

တရုတ်နိုင်ငံဟာ အဓိကကျတဲ့ ကဏ္ဍမှာပါဝင်နေလို့  မြောက်ကိုရီးယား လုပ်ဆောင်နေတဲ့ နျူကလီးယားအစီအစဉ်ကို စွန့်ပစ်လာစေရေး တရုတ်နိုင်ငံဘက်က ဦးဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ခီရှီဒါနဲ့တွေ့ဆုံချိန်အတွင်းမှာ တရုတ်နိုင်ငံဘက်ကို တောင်းဆို လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက် တွေအတိုင်း လိုက်နာဖို့ကိုလည်း တီလာဆန်က တောင်းဆိုပါတယ်။ အရှေ့တရုတ် ပင်လယ်အတွင်းမှာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဆန်ခါကု ကျွန်းစုတွေအရေးမှာ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကို မစ္စတာ တီလာဆန်က အတည်ပြုထားပါတယ်။ အဲ့ဒီကျွန်းတွေကို ဂျပန်နိုင်ငံက ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားနဲ့တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ 

Related News