ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းက ကုန်တိုက်တစ်ခုကို ၀င်တိုက်ခဲ့တဲ့ လော်ရီကားပေါ်မှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို ရှာတွေ့ထားတယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ဘယ်လိုပစ္စည်းမျိုးဖြစ်တယ်ဆိုတဲ့သတင်းအချက်အလက် အသေးစိတ်ကို ရဲတပ်ဖွဲ့က ပြောဆိုထားခြင်း မရှိပေမဲ့ ပစ္စည်းကို လော်ရီယာဉ်မောင်းရဲ့ထိုင်ခုံမှာတွေ့ခဲ့တာလို့ ဆိုပါတယ်။ ကုန်တိုက်ကို လော်ရီကားနဲ့ဝင်တိုက်မှုဟာ သောကြာနေ့တုန်းကဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၄ ဦးသေဆုံးပြီး နောက်တပ် ၁၀ ဦးကျော်ကို ဒဏ်ရာ ရရှိစေခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အသက် ၃၉ နှစ်အရွယ် ဥဘတ်ကစ္စတန် နိုင်ငံသားတစ်ဦးကို အကြမ်းဖက်မှုစွပ်စွဲ ချက်နဲ့ ဆွီဒင်အာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။

အဲ့ဒီအမျိုးသားဟာ ဘီယာပို့တဲ့ လော်ရီကားတစ်စင်းကို ပြန်ပေးဆွဲခဲ့ပြီး  လူအုပ်ထဲ တမင်ဝင်တိုက်ခဲ့တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ အာဏာပိုင်တွေကထိန်းသိမ်းထားတာပါ။  အဲ့ဒီ့အမျိုးသားကို အလေးထား စောင့်ကြည့်ဖို့မလိုတဲ့ လူစားရင်းမှာ ပါဝင်နေသူအဖြစ် ဆွီဒင်ထောက်လှမ်းရေးအဖွဲ့က သိရှိထားပါတယ်။ လက်ရှိမှာ အဆိုပါ အမျိုးသား ဆွီဒင်နိုင်ငံထဲ ဘယ်လိုဝင်ခဲ့တယ်၊ ဘယ်မှာနေခဲ့တယ်၊ ဘယ်သူတွေနဲ့ ဆက်သွယ်တယ်ဆိုတာကို သိအောင်စုံစမ်းနေ တယ်လို့ ဆွီဒင်ရဲချုပ် က ပြောပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေအတွက် ဆွီဒင်ဘုရင် ကားလ် ဂတ်(စ)တက်ဖ်နဲ့တော်ဝင် မိသားစုက ၀မ်းနည်းကြောင်း ဖော်ပြထားပါတယ်။ 

 

Related News