ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို အဂတိ လိုက်စားမှု အရှုပ်တော်ပုံနဲ့ တရားစွဲဆိုလိုက်ပြီလို့ တောင်ကိုရီးယားအစိုးရရှေ့နေတွေက ပြောပါတယ်။ အဂတိလိုက်စားမှု၊ အကျပ်ကိုင်မှု၊ အာဏာအလွဲသုံးစားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေ မှုတွေနဲ့ သမ္မတဟောင်းကို တရားစွဲဆိုထားတာလို့ အစိုးရရှေ့နေတွေကပြောပါတယ်။ လက်ရှိမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၆၅ နှစ်အရွယ် ပါ့ခ်ဂွန်ဟေးဟာ နိုင်ငံရေးမျက်နှာ သာရလိုတဲ့ ကုမ္ပဏီတွေထံကနေ ငွေကြေးလှူဒါန်းမှုတွေရှိလာအောင် သူမရဲ့မိတ်ဆွေ ချိုဆွန်းဆီကို ခွင့်ပြုခဲ့ တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ပတ်ဂွန်ဟေးနဲ့ ချိုဆွန်းဆီ နှစ်ယောက်စလုံးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ မစ္စပါ့ခ်ကတော့ ပြီးခဲ့တဲ့လမှာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ တောင်ကိုရီးယားလွှတ်တော်က ဒီဇင်ဘာလမှာ သမ္မတကို ပြစ်တင်စွပ်စွဲမှု အပြီး ဖွဲ့စည်းပုံခုံရုံးက အတည်ပြုခဲ့လို့ မစ္စ ပါ့ခ်ဟာ သမ္မတအကာအကွယ်ဖယ်ရှားခံခဲ့ရသလို ရာထူးက လည်း ဖယ်ရှားခံခဲ့ရတာပါ။ ဒါ့ပြင်မစ္စပါ့ခ် ဟာ အစိုးရအဖွဲ့မှာ ပါဝင်ခြင်းမရှိတဲ့ ချိုဆွန်းဆီကို အစိုးရ စာရွက်စာတမ်းတွေကို ဖတ်ရှုခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မစ္စပါ့ခ် ကတော့ အတိုင်ပင်ခံအရာရှိတွေ မခန့်အပ်ခင် သမ္မတတာဝန်စတင်ထမ်းဆောင်ချိန် အစောပိုင်းကာလမှာ သူမပြောကြားမယ့် မိန့်ခွန်းအချို့ကို ချိုဆွန်းဆီကို ပေးဖတ်ခဲ့ဖူးတယ်လို့ ပြောဆိုထားပါတယ်။ 

 

Related News