ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က မြေအောက်ရထားဘူတာရုံဗုံးခွဲမှုနဲ့ ဗုံးထောင်မှုတစ်ခုမှာ အသေခံဗုံးခွဲခဲ့သူကို လေ့ကျင့်ပေးခဲ့တယ်လို့ မသင်္ကာသူ နောက်ထပ် တစ်ဦးကို ဖမ်းဆီးထားလိုက်ပြီ ဖြစ်တယ်လို့ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။ဧပြီလအစောပိုင်းမှာဖြစ်ပွားတဲ့ စိန့်ပီတာစဘတ်မြို့ မြေအောက်ရထားဘူတာရုံဗုံးခွဲတိုက်ခိုက်မှုမှာ ကိုးယောက်မြောက် မသင်္ကာသူတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ဖမ်းမိထားတဲ့မသင်္ကာသူဟာ အာရှတိုက်အလယ်ပိုင်းလာတဲ့ အက်ဘာ အဇီမော့ဗ် ဆိုသူဖြစ်ပြီး ဘူတာရုံအသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သူကို တိုက်ခိုက်ဖို့ပြင်ဆင်နိုင်အောင် အကူအညီပေးခဲ့တယ်ဆိုပြီး ယူဆထားတယ်လို့ ရုရှားလုံခြုံရေးအရာရှိတွေကပြောပါတယ်။ ကာဂျစ္စတန်နိုင်ငံဖွား ရုရှားနိုင်ငံသား ဂျာလီလော့ဆိုသူက စိန့်ပီတာစဘတ်မြို့မြေအောက်ဘူတာရုံကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့မှုမှာ လူ ၁၄ ဦးသေဆုံးပြီး နောက်ထပ် ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။  ဖမ်းဆီးချိန်မှာ အဇီမော့ဗ် ဟာ ပစ္စတို သေနတ်တစ်လက်နဲ့ စမတ်ဖုန်းနှစ်လုံးပါတဲ့ အထုပ်တစ်ထုပ်ကို ကိုင်ထားခဲ့ တယ်လို့လည်း သတင်းက ဆိုပါတယ်။  အဇီမော့ဗ်ကို ဧပြီလ ၃ ရက်နေ့တိုက်ခိုက်မှုမှာ မသင်္ကာသူ နောက်ထပ် ၂ ဦးဖမ်းမိ ခဲ့တဲ့ မော်စကိုမြို့ဆင်ခြေဖုံးမှာပဲ ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မသင်္ကာသူ နောက်ထပ် ၆ ဦးကိုတော့ စိန့်ပီတာစဘတ်မြို့မှာပဲ အာဏာပိုင်တွေက မေးမြန်းစုံစမ်းနေတုန်းဖြစ်ပါတယ်။ မသင်္ကာမှုနဲ့အဖမ်းခံထားရသူ ကိုးဦးလုံးဟာ အာရှတိုက်အလယ်ပိုင်းက လာသူတွေဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောထားပါတယ်။ 

 

 

Related News