ပြင်သစ်နိုင်ငံမှာ အခုလနှောင်းပိုင်းမှာ ကျင်းပမယ့်ပြင်သစ်သမ္မတရွေးကောက်ပွဲ မဲပေးပွဲရက်နီး လာတာနဲ့အမျှ သမ္မတလောင်းတွေဟာလည်း အကြိတ်အနယ်မဲဆွယ်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးပြုလုပ်ထားတဲ့အမြင်သဘောထား စစ်တမ်းတွေမှာတော့ ဘယ်သမ္မတ လောင်းကမှ မဲအပြတ်အသတ်နဲ့ အနိုင်ရနိုင်တယ်လို့ တစ်ပေးခံထားရခြင်း မရှိသေးပါဘူး။ ဗဟိုဝါဒီ သမ္မတလောင်း "အင်မန်နျူရယ် မာရွန်"နဲ့ အမျိုးသားရေးဝါဒီ သမ္မတလောင်း "မယ်ရီ လီ ပန်" တို့ကတော့ လူထုထောက်ခံမှုမှာ ထိပ်ဆုံးရောက်နေတယ်ဆိုပေမဲ့ ရာခိုင်နှုန်း အနည်းငယ်ပဲ ကွာတာကို တွေ့ရပါတယ်။ လီပန်က ပြင်သစ်နိုင်ငံထဲကို ၀င်လာမယ့်  ရွှေ့ပြောင်းနေထိုင်သူတွေအတွက် တင်းကြပ်မယ်လို့ ပြောထားချိန်မှာ နောက်ထပ် သမ္မတလောင်း ဖြစ်တဲ့ "မာရွန်"ကတော့ သမ္မတလောင်းတွေဟာ ပြင်သစ်ကို ခေတ်နောက်ပြန်ဆွဲနေတယ်လို့ ဝေဖန်ထားပါတယ်။

လက်ဝဲစွန်းဝါဒီ သမ္မတလောင်း "မယ်လယ်ချွန်"ကတော့ ပြင်သစ်နဲ့ဥရောပ သမဂ္ဂကြားက သဘောတူညီချက်တွေကို ပြန်လည်ဆွေးနွေးညှိနှိုင်းလိုသလို ပြင်သစ်နိုင်ငံကို နေတိုးစစ်စာချုပ်အဖွဲ့က နှုတ်ထွက်စေမယ့်အပြင် ခြုံးခြံချွေတာရေးအစီအစဉ်တွေလည်း လုပ်သွားမယ်လို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။ အခုနှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ အစဉ်အလာအရ အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေကို လူစိတ်ဝင်စားမှုလျော့ကျသွားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရီပတ်ပလစ်ကန်တွေရဲ့ သမ္မတလောင်း "ဖရန်ဆွာ ဖီလွန်"နဲ့ ဆိုရှယ်လစ်တွေရဲ့ သမ္မတလောင်း "ဘနွား ဟာမွန်း"တို့ကို လူထုစိတ်ဝင်စားမှုလျော့ကျစေခဲ့ပါတယ်။ မစ္စတာဖီလွန်ဟာ သမီးဖြစ်သူတွေကို မရှိတဲ့အလုပ်တွေပေးပြီး ပြည်သူ့ငွေတွေနဲ့ လစာပေးခဲ့တယ်လို့ စွပ်စွဲခံထားရလို့ကျန်တဲ့သမ္မတလောင်းတွေကတော့ ဒီဖြစ်ရပ်ကနေ လူထုထောက်ခံမှု ရအောင် ကြိုးပမ်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

Related News