ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကနေ ထွက်ခွါမယ့်အရပ်သားတွေကို တင်လာတဲ့ ဘတ်စ်ကား ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခံရမှုဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ ကုလသမဂ်္ဂက ပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် အစိုးရတပ်တွေနဲ့ သူပုန်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကို တိမ်းရှောင်ဖို့ ကြိုးပမ်းတဲ့ အရပ်သား ၁၂၆ ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲက (၆၀)ဟာ ကလေးတွေလို့ ယူဆရပါတယ်။ ဒါ့ပြင် ဒဏ်ရာရရှိတဲ့အရပ်သားတော်တော်များများ ပျောက်ဆုံးနေပြီး သူတို့ကို အစ်(ဒ)လစ်မြို့ထဲက အတိုက်အခံလက်နက်ကိုင်တွေ စီမံနေတဲ့ဆေးရုံကို ခေါ်သွားတယ်လို့ ယူဆရတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးပေမယ့် ဆီးရီးယားအစိုးရလိုလားတဲ့သတင်းမီဒီယာတွေကတော့ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်တယ်လို့ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးအေဂျင်စီကတော့ တိုက်ခိုက်မှု မဖြစ်ခင်မှာ အမည်မသိလူတစ်ဦးက ကလေးတွေကို သကြားလုံးဝေပေးနေတဲ့ပုံတွေပါတဲ့ ဗီဒီယိုကို စုံစမ်းစစ်ဆေး နေပြီလို့ ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းဟာ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်တွေကြားက သဘောတူညီချက်အရ သူပုန်တွေဝိုင်းထားတဲ့ "အယ်လ် ဖူအာ မြို့"နဲ့ "ကီဖရာယာ"မြို့ထဲက အရပ်သားတွေကို အစိုးရထိန်းချုပ်နယ်မြေထဲပို့မယ့် အရပ်သားတွေကို တင်ဆောင်ထားတာ ဖြစ်ပါတယ်။ အရပ်သားတွေကို အလက်ပိုမြို့အပြင်ဘက်မှာ ကားအလွှဲအပြောင်းလုပ်နေချိန်မှာ ဘတ်စ်ကားယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
 

 

Related News