အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားပါဝင် စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ နှစ်ဦးရဲ့ ဆွေးနွေးပွဲဟာ အားရစရာကောင်းလှတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ကပြောပါတယ်။ ဒါ့ပြင် အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီအကြီးတန်းလူပုဂ္ဂိုလ်တွေရဲ့အီးမေးလ်တွေ အဟတ်ခံရတဲ့ ဖြစ်ရပ်မှာ ရုရှားပါဝင် ပတ်သက်ခြင်းမရှိဘူးဆိုတဲ့ သမ္မတ ပူတင်ရဲ့ပြောဆိုချက်တွေကို သမ္မတ ထရမ့်က လက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့က ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားသဘောတူညီချက်တစ်ခုရရှိခဲ့ခြင်း ရှိ၊ မရှိကိုတော့ မစ္စတာ တီလာဆန်က ရှင်းရှင်းလင်းလင်းမပြောဆိုခဲ့ပါဘူး။ အဲဒီအစား သမ္မတထရမ့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် ဘယ်လို ရှေးရှုမလဲဆိုတာကိုပဲ ဦးတည်ခဲ့တယ်လို့ မစ္စတာ တီလာဆန်ကပြောပါတယ်။ အမေရိကန်နဲ့ ရုရှားသမ္မတတို့ဟာ ဟမ်း ဘတ်မြို့မှာ ကျင်းပတွဲ့၂၀ ထိပ်သီးဆွေးနွေးပွဲမှာ မျက်နှာချင်းဆိုင် သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ သမ္မတ နှစ်ဦးရဲ့တွေ့ဆုံမှုဟာ မူလသတ်မှတ်ထားတဲ့အချိန်ထက် နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ဆီးရီးယားက စစ်ပွဲအရေး၊ အကြမ်းဖက်မှုအရေးနဲ့ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 
 
 
 

Related News